DVB Logo
Home
မြန်မာသတင်း
ထိုင်းတက္ကသိုလ်၌ မြန်မာကျောင်းသား သေဆုံးမှု ထိရောက်စွာ အရေးယူပေးရန် တောင်းဆို
DVB
·
March 19, 2025
ထိုင်းတက္ကသိုလ်၌ မြန်မာကျောင်းသား သေဆုံးမှု ထိရောက်စွာ အရေးယူပေးရန် တောင်းဆို
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Assumption တက္ကသိုလ်ကျောင်းဝင်းအတွင်း သေဆုံးခဲ့တဲ့ မြန်မာ ကျောင်းသားအမှုနဲ့ပတ်သက်လို့ တရားမျှတမှု လိုလားပြီး တက္ကသိုလ်အနေနဲ့လည်း လိုအပ်တဲ့ တာဝန်ယူမှုတွေ မရှိဘူးဆိုရင် တာဝန်ပျက်ကွက်ခဲ့သူတွေကို တရားစွဲသွားမယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ 

ဘန်ကောက်မြို့ Assumption တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ သေဆုံးခဲ့တဲ့ မြန်မာကျောင်းသားအမှုနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း တက္ကသိုလ်ဘက်က မတ် ၁၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာတော့ ကွယ်လွန်သူ မြန်မာကျောင်းသား ကိုမင်းဘုန်းစစ်ရဲ့ ညီဖြစ်သူ ကိုအောင်ဟိန်းသန့်ကို စာသင်နှစ် ပထမနှစ်ဝက်အတွက် ကျောင်းလခ ကင်းလွတ်ခွင့် စကော်လာပေးကြောင်း၊ ကိုမင်းဘုန်းစစ် သေဆုံးခဲ့မှုအတွက် မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းကြောင်းနဲ့ အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးပေါ် ကူညီဆောင်ရွက်ပေးနိုင်ဖို့အတွက် တာဝန်ရှိသူတွေပါတဲ့ အဖွဲ့တခု ဖွဲ့စည်းထားပြီး တာဝန်ပေးထားကြောင်း စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဒီထုတ်ပြန်ချက်ကို မတ် ၁၂ ရက်နေ့က ကျောင်းက ယာဥ်တိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ဆိုပြီး ကိုအောင်ဟိန်းသန့်နဲ့ တွေ့ဆုံခဲ့ပြီးနောက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ကိုအောင်ဟိန်းသန့်ကတော့ ဒီ ပညာသင်ဆုကို လက်ခံမှာ မဟုတ်သလို တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ခဲ့သူတွေကိုသာ ထိထိရောက်ရောက် အရေးယူချင်တယ်လို့ ပြောပါတယ်။

“ကျနော် တောင်းဆိုချင်တာက တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့ခဲ့တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးရင် ရပြီဗျ။ ကျနော်က အခုလက်ရှိ ဒရိုင်ဘာကိုပဲ တရားစွဲထားသေးတာပေါ့နော်။ ကျောင်းနဲ့ ကျနော်နဲ့က ညှိနှိုင်းနေဆဲ ကာလပေါ့။ တကယ်လို့ ကျောင်းကနေမှ ကျနော်ဘက်ကနေ လိုချင်တဲ့ action တွေကို မယူပေးနိုင်ရင်တော့ ကျနော်က အဲဒီ တာဝန်ပျက်ကွက်ခဲ့တဲ့သူတွေကို ကျနော်က by name နဲ့ တရားစွဲဦးမှာပါဗျ။”

လွန်ခဲ့တဲ့ ၄ လဝန်းကျင်က ဖြစ်ခဲ့တဲ့ ဒီအမှုကိစ္စတွေကိုတော့ Assumption တက္ကသိုလ်က ဒုတိယပါမောက္ခချုပ် အပါအဝင် ကျောင်းက အုပ်ချုပ်ရေးအဖွဲ့ဟာ မသိရှိကြဘဲ ဖြစ်စဉ်တွေကို ကိုအောင်ဟိန်းသန့်က အင်တာနက် လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားမှပဲ သိခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့မှာရှိတဲ့ မယ်ဖလုံတက္ကသိုလ်က မြန်မာကျောင်းသားများအဖွဲ့ဟာ ကျန်ရစ်သူမိသားစုနဲ့အတူ ဝမ်းနည်းပူဆွေးကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်စေရေးအတွက်လည်း နစ်နာသူမိသားစုနဲ့ အပြည့်အဝရပ်တည်ကာ အဘက်ဘက်ကနေ ကူညီဆောင်ရွက်ပေးဖို့ အသင့်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

မယ်ဖလုံတက္ကသိုလ် မြန်မာကျောင်းသားများအဖွဲ့ ကျောင်းသားရေးရာ ကော်မတီတာဝန်ခံ ကိုသုတစိုး က “တနည်းအားဖြင့် ကျနော်တို့တွေ ဒီမှာ ကျောင်းလာတက်ပြီ ဆိုကတည်းကိုက ကျနော်တို့တွေက ကျောင်းလခ အပြည့်ပေးရတယ်၊ ပြီးသွားတော့ ဒီမှာက အင်တာနေရှင်နယ် ကျောင်းသားတွေဆိုရင် ပိုပေးရတာကိုး၊ ဒါကတော့ နိုင်ငံတိုင်းမှာပဲပေါ့နော်၊ ကျနော်တို့ ပိုပေးပြီး တက်နေတယ်။ ကျနော်တို့ ကျောင်းလခ သွင်းထားတယ်၊ ပြီးတော့ နောက်ထပ် လိုအပ်တဲ့ facility တွေအတွက်လည်း ပေးထားတယ်ဆိုတော့ ကျနော်တို့ ပေးထားသလောက် ကျနော်တို့ ပြန်ရဖို့ လိုတယ်။ အဲ့ဒါတွေ မကဘဲနဲ့ သူတို့ဘက်ကနေပြီးတော့ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ ‌ကျောင်းသားတွေကို ပေးရမယ့် စောင့်ရှောက်မှုမျိုး၊ ပြီးတော့ အခြေခံလိုအပ်ချက်မျိုးကိုတော့ ကျောင်းဘက်ကနေ မပျက်မကွက်ကို လုပ်ပေးရမယ်၊ အကယ်၍ မလုပ်ပေးမချင်းလည်း ကျနော်တို့ဘက်က အသံတိတ်သွားလို့ မရဘူးပေါ့နော်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ၁၂ နာရီ အတန်းချိန်ရှိလို့ ကိုမင်းဘုန်းစစ်ဟာ သူငယ်ချင်းဖြစ်သူတဦးနဲ့ ဆိုင်ကယ်စီးပြီး ကျောင်းကို သွားတဲ့လမ်းမှာ ဂငယ်ကွေ့ မကွေ့ရတဲ့ နေရာကနေ ယာဉ်စည်းကမ်း ချိုးဖောက်ပြီး ကွေ့လာတဲ့ ကားတစီးကြောင့် ယာဉ်မတော်တဆမှုဖြစ်ခဲ့တာပါ။ 

ဒီယာဉ်မတော်တဆမှုကြောင့် ကိုမင်းဘုန်းစစ်ဟာ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး လိုအပ်တဲ့ အရေးပေါ်ကုသမှု ရရှိဖို့အတွက် တက္ကသိုလ်ရဲ့ လျစ်လျူရှုမှု၊ ပျက်ကွက်မှုတွေကြောင့် အသက်သေဆုံးခဲ့ရတာလို့ ကွယ်လွန်သူ ကိုမင်းဘုန်းစစ်၏ ညီ ကိုအောင်ဟိန်းသန့်က ပြောပါတယ်။

“Security ကတော့ အဲ့မှာ ambulance ခေါ်ပေးခဲ့တယ်။ အဲဒီမှာ ခေါ်ပေးခဲ့တဲ့ ambulance ကလည်း အဆင်မပြေဘူးလို့ ကြားသိရတယ်။ Student affair (ကျောင်းသားရေးရာ) ကိုလည်း ဆက်သွယ်ခဲ့ပေမဲ့ ဒီ Student affair က တာဝန်ရှိသူတွေကတော့ သူတို့ကို ပြန်ဆက်သွယ်လာခြင်း မရှိဘူးလို့ ဆိုတယ်ဗျ။ အဲဒီတော့ ကျနော်တို့ဘာ ကျနော်တို့ပဲ ဆေးရုံက ambulance ကို ခေါ်တယ်။ ခေါ်ပြီးတော့ အဲဒီမှာ ရှိတဲ့ သူငယ်ချင်းတွေပဲ ကျနော့်အစ်ကိုကို ဆေးရုံဝိုင်းပြီး တင်ပေးလိုက်တာပေါ့နော်။ ဆေးရုံသွားတဲ့ အချိန်မှာလည်း Passport ID ကိစ္စတွေ အများကြီး ဖြေရှင်းရတယ်ဗျ။ Passport မပါတဲ့အတွက် လူနာကို ချက်ချင်း facilitate ဆေးကုသမှု မပေးနိုင်ဘူးလို့လည်း ဆေးရုံက ပြန်ပြောလာတယ်ဗျ။ အဲဒီအချိန်မှာလည်း ကျောင်းဘက်ကနေပြီးတော့ ဆေးရုံကို ကြိုပြီး အကြောင်းကြားပေးတာမျိုး၊ ကျောင်းဘက်ကနေ တာဝန်ရှိသူတယောက်အနေနဲ့ လိုက်ပါဆောင်ရွက်ပေးတာမျိုး မရှိခဲ့ဘူးဗျ။”

ကိုမင်းဘုန်းစစ်ကို ဝင်တိုက်ခဲ့တဲ့ ကားသမားကလည်း ကိုမင်းဘုန်းစစ် တို့ကို ဆေးရုံကိုလိုက်ပါ ပို့ဆောင်ပေးတာ၊ လိုအပ်တာတွေကို တာဝန်ယူ ဆောင်ရွက်ပေးတာမရှိဘဲ ရဲစခန်းကို ခံဝန်ပြေးထိုးပြီး ညနေ ၄ နာရီမှ ဆေးရုံကို ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ကျောင်းဘက်က ဆရာမတဦးဟာ ကားသမားပေးတဲ့ ဘတ်ငွေ ၂ သောင်းကို လက်ခံပြီး ကျောင်းဘက်က ပေးသလိုမျိုးနဲ့ လျော်ကြေးငွေ၊ ကျေအေးငွေနဲ့ ပြီးသွားအောင် လုပ်ခဲ့တာမျိုး ရှိတယ်လို့လည်း ကိုအောင်ဟိန်းသန့်က ဆိုပါတယ်။

ဒီအမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ကိုမင်းဘုန်းစစ်ရဲ့ မိသားစုနဲ့ ရှေ့နေတွေက သက်ဆိုင်ရာ နယ်မြေရဲစခန်းကို လိုအပ်တဲ့ သက်သေအထောက်အထားတွေ ပေးပို့ထားပြီး အမှုဖွင့်လှစ်ထားတာလည်း ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး Assumption တက္ကသိုလ်ကို အီးမေးလ်ကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဒီသတင်းကို ရေးသားနေချိန်အထိ တက္ကသိုလ်ဘက်က ပြန်လည် ဆက်သွယ်ခဲ့တာ မရှိသေးပါဘူး။

ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သူ ကိုမင်းဘုန်းစစ် ဆေးရုံတက်ရချိန်ကစပြီး ကွယ်လွန်ပြီးနောက် ဆေးရုံကနေ အလောင်းပြန်လည် ထုတ်ယူတဲ့အချိန်ထိ ဘတ်ငွေ ၃ သိန်းကျော် ကုန်ကျခဲ့ပြီး ဒီကုန်ကျစရိတ်အားလုံးကို ကိုအောင်ဟိန်းသန့်တို့ မိသားစုကပဲ အကုန်အကျခံထားတာ ဖြစ်သလို ကျန်းမာရေး အာမခံနဲ့ အသက်အာမခံကြေးငွေတွေ လက်ရှိအချိန်ထိ တစုံတရာ ရရှိတာ မရှိသေးဘူးလို့လည်း သိရပါတယ်။ 

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013