
နွားရိုင်းသတ်ပွဲမှာ နွားနဲ့ လူတို့အတွက် ထိခိုက်မှုနည်းတဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်ဖို့ မက္ကဆီကို ဒေသန္တရလွှတ်တော်မှာ အင်္ဂါနေ့က အတည်ပြုလိုက်ပါတယ်။
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို တိရစ္ဆာန်အခွင့်အရေး လိုလားသူတွေက ထောက်ခံခဲ့ကြပေမဲ့ ရိုးရာနွားရိုင်းသတ်ပွဲ ကြိုက်သူတွေက ပြင်းပြင်ထန်ထန် ဝေဖန်ခဲ့ကြပါတယ်။
အတည်ပြုလိုက်တဲ့ အချက်တွေထဲမှာ နွားရိုင်းသတ်သမားတွေဟာ ဓားတွေ၊ လှံတွေ သုံးပြီး တိရစ္ဆာန်တွေကို တိုက်ခိုက်ခွင့် မပြုထားသလို နွားတွေရဲ့ ချိုတွေကိုလည်း အန္တရာယ်မပေးနိုင်အောင် အကာအကွယ်တွေ တပ်ဆင်ထားမှာပါ။
မဲပေးမှုမှာ ၆၁ ယောက်က ထောက်ခံခဲ့ကြပြီး တယောက်သာ ကန့်ကွက်ခဲ့တာ တွေ့ရပါတယ်။ ဒေသန္တရလွှတ်တော် အပြင်မှာတော့ နွားရိုင်းသတ်ပွဲ ပရိသတ်တွေက အဆောက်အအုံအတွင်း ဝင်ရောက်ဖို့ ကြိုးစားတာတွေ မကျေမနပ်ဖြစ်တာတွေ ရှိခဲ့ပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေကတော့ နွားရိုင်းတွေကို လေးစားမှုထားဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။
မတ် ၁ ရက်က နွားရိုင်းသတ်သမား အီမီလီယိုမာစီရာ ဆိုသူဟာ နွားရိုင်းရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးပါတယ်။
အမတ် ဗစ်တာက “နွားရိုင်းသတ်ပွဲစည်းမျဉ်းတွေ ပြင်ဆင်တာက နွားရိုင်းသတ်သမားတွေ ပျောက်ကွယ် မသွားအောင်ပါ။ နွားရိုင်းသတ်ပွဲတွေလည်း အဆင့်ဆင့် ပြောင်းလဲလာအောင်ပါ” လို့ ပြောပါတယ်။
လွှတ်တော်အတည်ပြုချက်ဟာ ရက်ပေါင်း ၂၁၀ အတွင်း အကျုံးဝင်မှာဖြစ်သလို အစိုးရကလည်း နွားရိုင်းသတ်ပွဲနဲ့ ပတ်သက်တဲ့ စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ပေးရမှာပါ။
မက္ကဆီကိုနိုင်ငံဟာ ၁၅၂၉ ခုနှစ်ကတည်းက နွားရိုင်းသတ်ပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး စပိန်နွားရိုင်းသတ်ပွဲထက်လည်း ပိုကြီးတာကြောင့် ကမ္ဘာ့အကြီးအဆုံး နွားရိုင်းသတ်ပွဲတွေ ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လက်တင်အမေရိကနိုင်ငံတွေဟာ နွားရိုင်းသတ်ပွဲကို ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်ကတော့ ကိုလံဘီယာနိုင်ငံဟာ ၂၀၂၇ ခုနှစ်မှာ နွားရိုင်းသတ်ပွဲတွေကို စည်းမျဉ်းပြောင်းလဲပြီး ကျင်းပဖို့ ဥပဒေတွေ ပြင်ဆင်ခဲ့ပါတယ်။
Source : Reuters