DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် စစ်တပ်က နေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်ဆီး၊ PDF ရဲဘော်အပါအဝင် ပြည်သူ ၂၀ နီးပါး အသတ်ခံရ
DVB
·
March 19, 2025
ရေစကြိုတွင် စစ်တပ်က နေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်ဆီး၊ PDF ရဲဘော်အပါအဝင် ပြည်သူ ၂၀ နီးပါး အသတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ၂ ပတ်အတွင်း ဒေသခံပြည်သူတွေရဲ့ လူနေအိမ် ၄၀၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။

ဒါ့အပြင် PDF ရဲဘော်တယောက် အပါအဝင် ဒေသခံပြည်သူ ၂၀ နီးပါးဟာလည်း ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ခံက “အဲဒီစစ်ကြောင်းက ပခုက္ကူက တပ်မ ၁၀၁၊ ရေစကြိုမြို့နယ်က ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေက စစ်သားနဲ့ ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်လောက်ပါတယ်။ ရေစကြို-မြောင်နယ်စပ်က ရွာတွေကို စစ်ကြောင်းထိုးပြီး ရေလယ်ကျွန်းကို ဝင်လာကြတာ ၂ ပတ်ကျော်ရှိနေပြီ။ ရေလယ်ကျွန်းပေါ်ရွာတွေက ပြည်သူပိုင်အိမ် ၃၈၀ လောက်ကို မီးရှို့ဖျက်ဆီးထားတယ်။ ပြည်သူ ၁၈ လောက်ကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ထားတယ်။ စစ်ကြောင်းရှိနေသေးတော့ စာရင်းက အတိအကျ မရသေးဘူး။ အဲဒီထက် အများကြီးပိုနိုင်တယ်။ အရင်ရက်ပိုင်းကလည်း ဒဏ်ရာရထားတဲ့ အသက် ၃၀ လောက်ရှိတဲ့ ရပ်ကျေး PDF ရဲဘော်တယောက်ကိုလည်း ဖမ်းသွားပြီးတော့ ခေါင်းဖြတ်သတ်ပြီး မီးရှို့သွားကြသေးတယ်” လို့ ပြောပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က စတင်ကာ ရေစကြိုနဲ့ မြောင်မြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်ဖျက်ဆီးကာ မတ် ၂ ရက်နေ့မှာတော့ ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသကို ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဟာ မတ် ၂ ရက်ကနေ ၁၄ ရက်အထိ မြေစွန်းတော်ကျေးရွာက လူနေအိမ် ၂၈၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြသလို မတ် ၅ ရက်နေ့မှာ ဇရပ်နီကျေးရွာက လူနေအိမ် ၇၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့​ကြကြောင်း၊ အဲဒီနေ့ညနေပိုင်းမှာပဲ သာဂေါင်လေးကျေးရွာကို ထပ်မံဝင်ရောက်ပြီး ပြည်သူပိုင်လူနေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး မတ် ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ရေလယ်ကျွန်းဒေသက ဘီးစပ်ကုန်းကျေးရွာကို ဆက်လက်မီးရှို့ ဖျက်ဆီးနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က မြေစွန်းတော်ကျေးရွာက ပြည်သူ ၁၀ ယောက်၊ မာလကာခြံကျေးရွာက ပြည်သူ ၃ ယောက်၊ သာခေါင်လေးကျေးရွာနဲ့ သာဂေါင် (ရွာမ) ကျေးရွာတွေက ပြည်သူ ၇ ယောက်ထက်မနည်းကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီဆီကနေ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရခဲ့ကြပြီး ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ Myingyan Black Tiger တပ်ဖွဲ့ရဲ့ ဌာနချုပ်တပ်စခန်း ၁ ခုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါသေးတယ်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းကြောင့် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက မြေစွန်းတော်၊ မာလကာခြံ၊ ရွှေလှန်၊ ဆင်ခြေယာ၊ ရွာသစ်၊ သာခေါင်ကြီး၊ သာခေါင်လေး၊ ဇရပ်နီကျေးရွာတွေက ဒေသခံပြည်သူထောင်ချီပြီး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “အဲ့ဒီရွာတွေဘက်က စစ်ဘေးရှောင်တွေ သောင်းချီရှိနေတယ်။ ရေလယ်ကျွန်းဘက်မှာ စစ်တပ်က လူမဆန်အောင် ယုတ်မာဆိုးသွမ်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်တယ်။ လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတယ်။  သက်ကြီးရွယ်အိုတွေပါမချန်ဘဲနဲ့ ဖမ်းဆီးသတ်ဖြတ်လို့ ပြည်သူတွေ ဒုက္ခပေါင်းစုံ ကြုံတွေ့နေကြရပြီး ထောင်ချီတဲ့ ပြည်သူတွေထွက်ပြေးနေကြရတယ်။ စစ်ကြောင်းကလည်း အခုထိရှိနေသေးတော့ ဘယ်သူမှရွာတွေထဲ ပြန်မဝင်ရဲကြသေးဘူးလို့ သိရတယ်ဗျ။ လက်ရှိကတော့ ရိက္ခာနဲ့ တခြားစားစရာတွေ၊ ဆေးဝါးတွေ အရေးပေါ်အကူအညီတွေ လိုအပ်နေတာပေါ့ဗျာ။ နောက်ပြီး သူတို့ဘဝတွေ ပြန်လည်ထူထောင်ရေးအတွက်လည်း လိုအပ်တာတွေအများကြီးရှိနေသေးတာပေါ့” လို့ DVB ကို ပြောပါတယ်။

ရေစကြိုနဲ့ မြောင်မြို့နယ်တွေမှာ အခြေစိုက်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ အဆိုပါစစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်သေဆုံးခဲ့သလို သေနတ် ၄ လက်နဲ့အတူ ၆ ယောက်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း အဆိုပါစစ်ကြောင်းမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တပ်သားကျော်ထွေးကို ရေစကြိုနယ်ထဲက အမှတ် ၃ သောင်ခုံပေါ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ရေစကြို ပကဖ ရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013