
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မြောက်ခြမ်း၊ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းမှာရှိတဲ့ ကုန်းသားရွာအနီးကို စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ မတ် ၁၈ ရက် မနက် ၁၁ နာရီကျော်မှာ ဗုံးကြဲ တိုက်ခိုက်လို့ အမျိုးသမီး ၂ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီ ကနေ သိရပါတယ်။
ယင်းရွာတောင်ဘက် ကုန်းသာရွာအနီး အင်တိုင်းတောပြင်က ရွှေမော်ဦးဘုရားအနီး လမ်းဆုံမှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၅ လုံး ကြဲချသွားတာဖြစ်ပါတယ်။
ဒေသခံ ပကဖ တာဝန်ရှိသူတယောက်က “အရင်ဆုံး အမိုးပေါ်ကနေ ၆ ပတ် ပတ်ဝဲပြီး နောက်ဆုံး ၂ ပတ်ကျမှ ဗုံးသီးအသေးလို့ ယူဆရတဲ့ ဗုံးသီး ၅ လုံး ကြဲချတာ။ ထိခိုက်တာက ကုန်းသာရွာက မိန်းကလေး ၂ ဦးပါ။ ပဲကြီးသတ်ပြီး ယာတောကနေ ပြန်လာရင်း အခုလို ဗုံကြဲခံရပြီး ထိခိုက်တာပါ။ တဦးက လှည်းပေါ်က၊ နောက်တဦးက မြေပြင်ကနေ ခြေလျင်လိုက်တာ။ အဲလိုသွားနေတာကို စစ်တပ်က ဗုံးကြဲသွားတာ” လို့ ပြောပါတယ်။
အဆိုပါဒေသမှာ တိုက်ပွဲဖြစ်တာမရှိဘဲ မတ်လ ၁၇ ရက်က တိုက်လေယာဉ်နဲ့ ပထမတကြိမ် ဗုံးလာကြဲသွားပြီး မတ် ၁၈ ရက်က ဒုတိယအကြိမ် ဗုံးကြဲချသွားတာလို့လည်း ပြောပါတယ်။
ဒေသခံတယောက်က “ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို လာကြဲချသွားတာ။ ချတဲ့နေရာက။ အခုလိုကြဲချလို့ တောကနေ ပဲကြီးသတ်ပြန်လာတဲ့ အမျိုးသမီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရတယ်ဗျ။ တဦးက ဦးခေါင်းကိုထိတာ အသက်အန္တရာယ် စိုးရိမ်ရတယ်။ နောက်တဦးကတော့ လက်ကောက်ဝတ်ကို ထိတာ။ ဆေးရုံကို ချက်ချင်းတော့ သွားကုကြတယ်။”
ဦးခေါင်းထိတဲ့ မိန်းကလေးက သေဆုံးသွားပြီလို့ သတင်းထွက်နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။
ယင်းရွာနဲ့ ကုန်းသာကျေးရွာဟာ ဒေသတွင်းမှာတော့ ကျေးရွာချင်းကပ်လျက်ရှိတာကြောင့် ယင်းကုန်းသာ ကျေးရွာလို့ တွဲခေါ်လေ့ရှိပါတယ်။
အဆိုပါကုန်းသာရွာကို စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက် မနက် ၁၀ နာရီမှာလည်း အခုလို လေကြောင်းတိုက်ခိုက်လို့ ရွာအလယ်က ဓမ္မာရုံအဆောက်အအုံတလုံး ပျက်စီးပြီး နွားတကောင် သေဆုံးခဲ့ပါတယ်။