
ပရီးမီးယားလိဂ် ဒိုင်လူကြီးဘဝတလျှောက် ထိန်းသိမ်းရအခက်ခဲဆုံး ကစားသမားနဲ့ နည်းပြကို ဒိုင်လူကြီးဟောင်း ဂျိုနသန်မော့စ်က ထုတ်ဖော်ပြောပြသွားပါတယ်။
ဂျိုနသန်မော့စ်ဟာ ပရီးမီးယားလိဂ်မှာ ၁၁ နှစ်အတွင်း ပွဲပေါင်း ၂၇၄ ပွဲ ကိုင်တွယ်ခဲ့သူပါ။ အဲဒီပွဲစဉ်တွေမှာ အဝါကတ်စုစုပေါင်း ၉၀၇ ကတ်၊ တိုက်ရိုက်အနီကတ်ပြသမှု ၁၄ ကြိမ်ရှိခဲ့ပြီး ပင်နယ်တီ ၈၁ ကြိမ်အထိ ပေးခဲ့တာပါ။
သူ့ရဲ့ ၁၁ နှစ်ကြာ ပရီးမီးယားလိဂ်ဒိုင်လူကြီးဘဝမှာ ကိုင်တွယ်ထိန်းသိမ်းရ အခက်ခဲဆုံး ကစားသမားက ဝက်စ်ဟမ်းနဲ့ နယူးကာဆယ် ကစားသမားဟောင်း ကီဗင်နိုလန်ဖြစ်ကြောင်း၊ နိုလန်ဟာ သူ့ကိုယ်သူတောင် ငြင်းခုန်တတ်တဲ့ ကစားသမားဖြစ်ပြီး အသေးစိတ်ကအစ ကွင်းထဲမှာ အော်ဟစ်နေတတ်သူလို့ ဂျိုနသန်မော့စ်က ပြောပါတယ်။
ဒါပေမဲ့ ကွင်းပြင်ပမှာတော့ နိုလန်က နှစ်သက်စရာကောင်းပြီး တွေ့တဲ့နေရာတိုင်းမှာ ခင်မင်ရင်းနှီးစွာ နှုတ်ဆက်တတ်သူဖြစ်ကြောင်း ပြောပါတယ်။
နည်းပြတွေထဲမှာတော့ မော်ရင်ညိုက စိန်ခေါ်မှုအရှိဆုံး နည်းပြဖြစ်ပြီး ၃ ကြိမ်တိတိ ကွင်းထဲကနေ ထုတ်ပယ်ခဲ့ဖူးကြောင်း၊ ကွင်းပြင်ပမှာတော့ ကားပါကင်အထိ လိုက်လာပြီး နှုတ်ဆက်တတ်သူ ဖြစ်ကြောင်း ဂျိုနသန်မော့စ်က ပြောသွားပါတယ်။