
ကာလရှည်ဂိုးပေါက်ပျောက်ဆုံးမှုကြောင့် ခြေစွမ်းပါကျဆင်းခဲ့ရကြောင်း မန်ယူတိုက်စစ်မှူး ဟွိုက်လန်းက ဝန်ခံပြောသွားပါတယ်။
ဒိန်းမတ်တိုက်စစ်မှူးဟာ လက်စတာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တဂိုးသွင်းယူနိုင်ခဲ့ပြီး ၂၁ ပွဲ ဆက်ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။
ပွဲချိန် ၂၂ နာရီကျော်ကစားခဲ့ပေမဲ့ ဂိုးမရခဲ့တာက ယုံကြည်မှု ပျောက်ဆုံးစေပြီး ခြေစွမ်းပါကျဆင်းခဲ့ရကြောင်း၊ အသင်းအနေနဲ့ ကစားပုံအသစ်နဲ့ တချို့ကစားသမားတွေအတွက် နေရာ အသစ်ဖြစ်နေတာကြောင့် အံဝင်ခွင် ကျဖြစ်ဖို့ အချိန်ယူနေရတာဖြစ်ကြောင်း ဟွိုက်လန်းက ပြောပါတယ်။
ဂိုးပေါက်ပြန်ရှာတွေ့ခဲ့လို့ ယုံကြည်မှုလည်း ပြန်လည်ရရှိလာပြီး ကြိုးစားမှုကို ဆက်ထိန်းသွားမှာ ဖြစ်လို့ နောက်ထပ်သွင်းဂိုးတွေ ထပ်လာဦးမှာဖြစ်ကြောင်း ဟွိုက်လန်းက ပြောသွားပါတယ်။
ဟွိုက်လန်းဟာ ပရီးမီးယားလိဂ် ၃ ဂိုး အပါအဝင် ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၈ ဂိုးသွင်းထားပါတယ်။
Photo-Reuters