
မြန်မာနိုင်ငံတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ တည်ငြိမ်မှုမျိုးမရှိဘဲ ဒီနှစ်အကုန်မှာ အထွေထွေရွေးကောက်ပွဲ လုပ်မယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုအပေါ် သံသယဖြစ်မိတယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမှားတယ်ဆိုတဲ့ ကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်က အာဏာသိမ်းပြီး တနှစ်အကြာမှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုခဲ့ပေမဲ့ စစ်အာဏာသိမ်း သက်တမ်း ၄ နှစ်ကျော်တဲ့အထိ ရွေးကောက်ပွဲပြန်မလုပ်ပေးတာကြောင့် ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုလာတဲ့အပေါ်မှာလည်း သံသယဖြစ်မိတာလို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက ပြောပါတယ်။
မြန်မာနိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေထိန်းချုပ်နိုင်မှု နည်းပါးလာသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့မြို့ ၉၀ ကျော်ကိုလည်း အာဏာသိမ်းစစ်တပ်က စွန့်လွှတ်ထားရတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ လုံခြုံရေးအာမခံချက်လည်း ရှိမနေဘူးလို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောပါတယ်။
စစ်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတယ်လို့ပြောဆိုပေမဲ့ ရွေးကောက် ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီတွေဘက်ကတော့ ပါတီမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပါတီရုံးခန်းဖွင့်တာ သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီအောင်ဆောင်ရွက်ဖို့ အခက်ခဲများစွာ ရှိနေပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နယ်မြေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ထားတဲ့ နိုင်ငံရေးပါတီတွေကတော့ လက်ရှိအချိန်ထိ ပါတီရုံးခန်း ဖွင့်ထားနိုင်ခြင်း မရှိတာကြောင့် စစ်တပ်က ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးမှာ အခက်ခဲရှိနေတယ်လို့ အမည်မဖော်လိုတဲ့ မှတ်ပုံပြန်တင်ထားတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင် တချို့က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေမှာသာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်နေတာဖြစ်နိုင်ပေမဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေ ရွေးကောက်ပွဲ စနစ်တွေကို ထုတ်ပြန်ကြေညာခြင်းမရှိသေးတာကြောင့် ရွေးကောက်ပွဲဖြစ်နိုင်မဖြစ်နိုင် ပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ မဲဆန္ဒနယ် ၁၁၀ မှာပဲ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ဆောင်ရွက်နေပြီး ပြည်သူ့လွှတ်တော်ကလွဲလို့ ကျန်လွှတ်တော်တွေကို အချိုးကျကိုယ်စားပြု PR ရွေးကောက်ပွဲစနစ်နဲ့ ကျင်းပဖို့လည်း စီစဉ်ဆောင်ရွက်နေပါတယ်။
စစ်ကောင်စီဘက်ကကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီမှတ်ပုံ ပြန်တင်ထားတဲ့ နိုင်ငံရေးပါတီ ၅၄ ပါတီရှိပြီး အဲဒီအထဲက ၉ ပါတီကသာ တနိုင်ငံလုံးအဆင့် ဝင်ပြိုင်ကြမှာဖြစ်ပေမဲ့ ကျန်တဲ့ပါတီတွေကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။
အောင်သူ