
ရုရှားကို သွားခဲ့တဲ့ မြန်မာ စစ်ခေါင်းဆောင်ရဲ့ခရီးစဉ်က သံတမန်ရေးအရ ထောက်ခံမှုမျိုးမဟုတ်ဘဲ အာဏာရှင်အချင်းချင်း စုစည်းမှုတခုဖြစ်တာကြောင့် ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေအတွက်တော့ သတိထားရမယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို တပတ်အကြာသွားခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်က စစ်တပ်ကို နိုင်ငံတကာက ထောက်ခံမှုရရရှိစေဖို့ သွားရောက်ခဲ့တာ မဟုတ်ဘဲ စစ်လက်နက် ဝယ်ယူရေးနဲ့ ရင်းနှီးမြှုပ်နှံမှုမရှိတဲ့ ကဏ္ဍတွေမှာ ရုရှားနိုင်ငံက ပူးပေါင်းဖို့အပြင် နျူကလီးယားစွမ်းအင်ပိုင်ဆိုင်နိုင်ရေး ပံ့ပိုးပေးနိုင်ရေး ဆိုတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြတာလို့ နိုင်ငံရေးလေ့လာသူတွေက သူတို့ရရှိခဲ့တဲ့ သတင်းတွေအပေါ်မှာ အခြေခံပြီးသုံးသပ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံချိန်မှာ စီးပွားရေး၊ လုံခြုံရေးနဲ့ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုခိုင်မာအောင် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်သလို မြန်မာပြည်မှာ ရုရှားရဲ့ထောက်ပံ့မှုနဲ့ အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ နားလည်မှုစာချွန်လွှာကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလို စစ်အာဏာရှင်နိုင်ငံအချင်းအချင်း စုစည်းမှုတွေ ဖြစ်ပေါ်လာတာဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ဒီမိုကရေစီအပေါ် လိုလားတဲ့ နိုင်ငံတွေအတွက် အန္တရာယ်ရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောပါတယ်။
ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ကြိုးစားလာတာ ၁၀ စုနှစ်တခုနီးပါး ကြာမြင့်လာပြီဖြစ်သလို သမ္မတဟောင်းဦးသိန်းစိန် အစိုးရလက်ထက်မှာ နျူကလီးယားစွမ်းအင်အသုံးချရေး ပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ပေမဲ့ NLD အစိုးရလက်ထက်မှာတော့ အဲဒီလုပ်ငန်းစဉ်တွေကို ရပ်တန့်ခဲ့ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ ရုရှားနိုင်ငံရဲ့ နည်းပညာအကူအညီနဲ့ လျှပ်စစ်လိုလားချက်ကို ဖြေရှင်းဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အသေးစားနျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဒါဟာ အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်လို့ နိုင်ငံရေးအသိုက်အဝန်းက သုံးသပ်ပါတယ်။
အာဏာသိမ်းမှုကြောင့် နိုင်ငံတကာရဲ့ ဖယ်ကြဉ်ခြင်းကို ခံထားရတဲ့ စစ်တပ်အတွက် လိုအပ်တဲ့ နည်းပညာမြင့် စစ်လက်နက်တွေနဲ့ စီးပွားရေးထောက်ပံ့မှုတွေကို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ရုရှား နဲ့ တရုတ်နိုင်ငံကလွဲပြီး အကူအညီမရနိုင်ဘူးလို့ အမည်မဖော်လိုတဲ့ တိုင်းရင်းသားပါတီဥက္ကဋ္ဌဟောင်း တယောက်က သုံးသပ်တယ်။
အာဏာသိမ်းစစ်တပ်ဘက်ကတော့ စစ်ခေါင်းဆောင်ရဲ့ အဲဒီခရီးစဉ်ဟာ မြန်မာနိုင်ငံရေးအတွက် တိုးတတ်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ အကျိုးကျေးဇူးတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်သလို ဒီနှစ်အကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့လည်း အဲဒီခရီးစဉ်အတွင်းမှာ ကြေညာခဲ့ပါတယ်။
ကမ္ဘာအဆင့်နိုင်ငံခေါင်းဆောင်တယောက်ရဲ့ အခုလို ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့တဲ့ခရီးစဉ်ဟာ အဆိုးထဲက အကောင်းဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထောက်ခံတဲ့နိုင်ငံရှိသလို မထောက်ခံတဲ့နိုင်ငံတွေလည်း ရှိမှာပဲလို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အခု ရုရှားနိုင်ငံကိုသွားတဲ့ ခရီးစဉ်ဟာ ၄ ကြိမ်မြောက်သွားတဲ့ ခရီးစဉ်ဖြစ်ပြီး ပါဠိဆရာကြီး ဦးစော ရေးသားထုတ်ဝေခဲ့တဲ့ ဦးအောင်ဇေယျ အတ္ထုပ္ပတ္တိစာအုပ်ကို သမ္မတပူတင်ထံ လက်ဆောင်ပေးအပ်ခဲ့ပြီး ရုရှားနဲ့ မြန်မာတို့ဟာ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်လာ မဟာမိတ်ဖြစ်တယ် ဆိုတဲ့စကားကိုလည်း စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ ယူကရိန်းတို့ ဖြစ်နေတဲ့ စစ်ပွဲမှာ ရုရှားဘက်က အနိုင်ရလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ တရားသောစစ်က အောင်မြင်မယ့်အကြောင်းကို အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
အောင်သူ