DVB Logo
Home
မြန်မာသတင်း
တန့်ဆည်က တိုက်ပွဲများအတွင်း PDF ရဲဘော် ၁၀ ဦး ထက်မနည်း ကျဆုံး၊ စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံး
DVB
·
March 16, 2025
တန့်ဆည်က တိုက်ပွဲများအတွင်း PDF ရဲဘော် ၁၀ ဦး ထက်မနည်း ကျဆုံး၊ စစ်ကောင်စီဘက်က ၃၀ နီးပါး သေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲတွေအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက် ဝန်းကျင် ကျဆုံးခဲ့ရသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “တန့်ဆည်အနောက်ဘက်က ဝါးရငယ်ရွာနဲ့ ရွာသစ်ရွာရယ်၊ တန့်ဆည်မြောက်ဘက်က ဆင်ငယ်ရွာက ပျူစောထီး အထိုင်စခန်းတွေကို တိုက်ခိုက်ကြတဲ့တိုက်ပွဲတွေမှာ နှစ်ဖက် ကျဆုံးမှုတွေ ရှိခဲ့ကြတာပါ” လို့ ပြောပါတယ်။

မတ် ၁၀ ရက်နေ့လောက်က စတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ နီးပါး သေဆုံးခဲ့သလို ဒဏ်ရာရတဲ့သူတွေလည်းများခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်းလည်း ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက “အခုတိုက်တဲ့ရွာတွေက ပျူစောထီးအင်အားကောင်းကြတယ်။ တိုက်ပွဲဖြစ်နေတဲ့ရက်ကတော့ ၁၀ ရက်နီးပါး ရှိပြီပေါ့ဗျာ။ ဆင်ငယ်စခန်းသိမ်းတိုက်ပွဲမှာ စကစဘက်က လေကြောင်းပစ်ကူရော၊ မြေပြင်ကနေပါပိတ်ပြီး အတိုက်ခံလိုက်ရတော့ ကိုယ့်ဘက်က ရဲဘော်တွေထိကြတာ။ ကျနော်တို့ ရထားတဲ့သတင်းအရဆိုရင် ရဲဘော် ၁၁ ဦး ကျတယ်၊ လက်နက်ခဲယမ်းတွေလည်း ပါသွားတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီစခန်း ၃ ခုထဲက ဝါးရငယ်မူးဘောင်ပျူအထိုင်စခန်းကိုတော့ ကျနော်တို့ဘက်က ရဲဘော်တွေ သိမ်းပိုက်လိုက်နိုင်တယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူတွေကိုတော့ တန့်ဆည်မြို့ကနေ ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းထဲကို ပို့ဆောင်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်လည်း ကျန်ရှိနေတဲ့ ပျူစောထီးစခန်းတွေ မကျဆုံးစေရေး မြေပြင်စစ်ကူတွေအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ ခုခံတိုက်ခိုက်နေတဲ့အတွက် မတ် ၁၅ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော်တွေ ကျဆုံးခဲ့တဲ့အခြေအနေနဲ့ မြေပြင်တိုက်ပွဲ အခြေအနေတွေကိုတော့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီထောက်ခံသူတွေကတော့ ဆင်ငယ်ကျေးရွာတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၁ ယောက်ရဲ့ ရုပ်အလောင်းတွေနဲ့အတူ M 22 သေနတ် ၇ လက်၊ MA 1 သေနတ် ၁ လက်၊ ကျည်မျိုးစုံအတောင့်ရေ ၈၅၀၊ လက်ပစ်ဗုံး ၃ လုံး၊ မိုင်းမျိုးစုံ ​၆ လုံး၊ ကျည်ကာ ၂ ထည်နဲ့ ကျည်ကာဦးထုပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013