DVB Logo
Home
မြန်မာသတင်း
အစစ်အဆေးများသဖြင့် မှန်လုံကားကြီးများအစား ပရိုဘောက်ကားများကို အသုံးပြုသူများလာ
DVB
·
March 15, 2025
အစစ်အဆေးများသဖြင့် မှန်လုံကားကြီးများအစား ပရိုဘောက်ကားများကို အသုံးပြုသူများလာ
Donate to DVB

မြိတ်-ရန်ကုန် ကားလမ်းမတလျှောက်ကစစ်ဆေးရေးဂိတ်တွေမှာ မှန်လုံကားကြီးတွေ အချိန်အတော်ကြာစစ်ဆေးခံရပြီး ခရီးကြန့်ကြာနေတဲ့အတွက် ၄ ယောက် စီးရတဲ့ ပရိုဘောက်ကားတွေကို လူတွေ ပိုအသုံးပြုသွားလာကြတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

အဆိုပါ မြိတ်-ရန်ကုန် ကားလမ်းပိုင်းတလျှောက်မှာ မှန်လုံကားမှာ လိုက်ပါတဲ့ ခရီးသွားပြည်သူတွေဟာ  တန်းစီပြီးတော့ ဂိတ်တွေကို မှတ်ပုံတင်ပြ စစ်ဆေးခံရသလို ခရီးသည်တွေရဲ့ ပစ္စည်းအထုပ်တွေအကုန်လုံး ရှာဖွေစစ်ဆေးတာကြောင့် အချိန်ကြန့်ကြာနေရတယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“မှန်လုံကားမှာ ပစ္စည်းစစ်တာလည်းကြာတယ်၊ ဂိတ်တိုင်းမှာ မှတ်ပုံတင်စစ်တဲ့ ဂိတ်တိုင်းမှာ လူကိုယ်တိုင်ဆင်းပြနေရတော့ကြာတယ်။ ၄ ယောက်စီးကားတွေကတော့ လူဆင်းပြစရာမလိုဘူး၊ ကားသမားဆင်းပြီး သွားပြောလိုက်ရင် ရပြီ။ အဓိကပြဿနာက ကြန့်ကြာလို့ပါ၊ ပိုက်ဆံကုန်တာ ပြဿနာမဟုတ်ဘူး။ ပိုက်ဆံလည်းကုန်၊ အချိန်လည်းကြာတော့ ၄ ယောက်စီးကားပဲ စီးကြတော့မှာပေါ့၊ အိမ်တိုင်ရာရောက် ပို့ပေးသေးတယ်လေ။”

မြိတ်-ရန်ကုန်ခရီးစဉ်အတွက်  မှန်လုံကားလက်မှတ် ကျပ် ၆၀၀၀၀ အထိရှိပြီး ဂိတ်ကြေး တွေနဲ့တွက်ရင် ကျပ်တသိန်းခွဲလောက်အထိ ပေးဆောင်ရကာ ခရီးသည်များတဲ့အတွက် စစ်ဆေးခံရတဲ့အခါမျိုးမှာ ခရီးကြန့်ကြာရတယ်လို့‌ ပြောပါတယ်။

ခရီးသည် ၄ ယောက် လိုက်ပါလို့ရတဲ့ ပရိုဘောက်ကားမှာက ခရီးစဉ်လက်မှတ်ခ ကျပ် ၁၈၀၀၀၀ ပေးရပေမဲ့ ခရီးသည်တွေမှာ ဂိတ်ကြေးပေးဆောင်စရာမလိုဘဲ ခရီးစဉ်လည်း မကြန့်ကြာတဲ့အတွက် အဆိုပါ ကားငယ်တွေကို ပိုအသုံးပြုလာကြတယ်လို့ ခရီးသွားပြည်သူတယောက်က ပြောပါတယ်။

“မှန်လုံကားတွေမှာက လူများတော့ တန်းစီပြီး စစ်ဆေးခံရတယ်၊ ပစ္စည်တွေများတော့ စစ်ဆေးရင်ကြာတယ်။ ၄ ယောက်စီးကားကျတော့ အဝတ်ထုပ်တွေပြလိုက်၊ ထောက်ခံစာလိုရင် ပြလိုက်ပဲဆိုတော့ မြန်တယ်လေ။ ပိုက်ဆံတသိန်းလောက်ကွာပေမဲ့ ခရီးက မြန်ဆန်တယ်။ လူတွေလည်း စိတ်ညစ်မခံဘူး၊ လက်မှတ်ခစျေးကြီးလည်း ၄ ယောက်စီးကားပဲ စီးကြတော့တာပါ။”

မြိတ်-ရန်ကုန်ခရီးစဉ်မှာ ပရိုဘောက်ကားတွေ ပြေးဆွဲနေတာ တနှစ်ကျော်လောက်ရှိပြီ ဖြစ်ကာ လက်မှတ်ခစျေးနှုန်း ကွာဟမှုရှိပေမဲ့ သွားလာမဲ့ခရီးစဉ်နဲ့ အချိန်ကွာဟမှုတွေကြောင့် လူတွေဟာ စိတ်ရှုပ်မခံချင်ကြတဲ့အတွက် အဆိုပါပရိုဘောက်ကားတွေကို အသုံးပြုလာကြတာလို့ ဆိုပါတယ်။

မြိတ်-ရန်ကုန်ကားလမ်းမှာ စစ်ဆေးရေးဂိတ်ပေါင်း ၄၀ ကျော်အထိရှိပြီးတော့ ဂိတ်တခုကို ကျပ် ၂၀၀၀ နဲ့ အထက် ပေးဆောင်ရကာ ခရီးသည်တယောက်အတွက် အနည်းဆုံး ဂိတ်ကြေး ကျပ် ၆၀၀၀၀ အထိ လက်ဝယ်ရှိထားတာမှ အဆင်ပြေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013