DVB Logo
Home
နိုင်ငံတကာ
အလုပ်ထုတ်ခံရသည့် အလုပ်သမားထောင်ချီအား ပြန်ခန့်ထားရန် ထရမ့်ပ်အစိုးရကို အမိန့်ချ
DVB
·
March 14, 2025
အလုပ်ထုတ်ခံရသည့် အလုပ်သမားထောင်ချီအား ပြန်ခန့်ထားရန် ထရမ့်ပ်အစိုးရကို အမိန့်ချ
Donate to DVB

သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဖက်ဒရယ်အလုပ်သမားတွေကို ဖယ်ရှားရှင်းလင်းခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ အလုပ်ခန့်အပ်ခံရပြီး သိပ်မကြာခင်မှာဘဲ အလုပ်ဖြုတ်ခံခဲ့ရတဲ့ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကို အလုပ်ပြန်ခန့်အပ်ဖို့ အမေရိကန်အေဂျင်စီ ၆ ခုကို ကယ်လီဖိုးနီးယားပြည်နယ် တရားသူကြီးက မတ် ၁၃ ရက်မှာ အမိန့်ချလိုက်ပါတယ်။

အယ်လ်ဆပ်ရဲ့ စီရင်ချက်ဟာ ထရမ့်ပ်နဲ့ ထိပ်တန်းအကြံပေး အီလွန်မတ်စ်ခ် တို့ရဲ့ ဖက်ဒရယ်ဗျူရိုကရေစီကို သိသိသာသာ ကျုံ့သွားစေဖို့ ကြိုးပမ်းချက်ကို အသိသာ အထင်ရှားဆုံး ထိုးနှက်ချက် ဖြစ်ပါတယ်။

အစိုးရအေဂျင်စီတွေဟာ အစုလိုက်အပြုံလိုက် အလုပ်ထုတ်မှု ဒုတိယလှိုင်းအတွက်နဲ့ သူတို့ရဲ့ဘတ်ဂျက်တွေကို လျှော့ချဖို့ အစီအစဉ်တွေကို ကြာသပတေးနေ့ နောက်ဆုံးထား တင်ပြရမှာပါ။

ဆန်ဖရန်စစ္စကိုမှာ ကြားနာချိန်အတွင်း အမေရိကန် ခရိုင်တရားသူကြီး ဝီလီယမ် အယ်လ်ဆပ်ရဲ့ စီရင်ချက်ဟာ အမေရိကန် ကာကွယ်ရေးဌာန၊ စစ်မှုထမ်းဟောင်းရေးရာဌာန၊ စိုက်ပျိုးရေးဌာန၊ စွမ်းအင်ဌာန၊ ပြည်ထဲရေးဌာနနဲ့ ဘဏ္ဍာရေးဌာနတို့ရှိ အစမ်းခန့်ဝန်ထမ်းတွေနဲ့ သက်ဆိုင်ပါတယ်။

တရားသူကြီးက ဖက်ဒရယ်အေဂျင်စီတွေအတွက် လူ့စွမ်းအားအရင်းအမြစ်ဌာနဖြစ်တဲ့ အမေရိကန် ဝန်ထမ်းရေးရာ စီမံခန့်ခွဲမှုရုံးက အလုပ်သမားတွေကို အစုလိုက်အပြုံလိုက် အလုပ်ထုတ်ပစ်ဖို့ အမိန့်ပေးခဲ့တာလို့ ပြောပါတယ်။

တရားသူကြီး အယ်လ်ဆပ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့ အေဂျင်စီတွေကို အမိန့်ပေးခဲ့ပြီး သမဂ္ဂတွေ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေနဲ့ ဝါရှင်တန်ပြည်နယ်တို့က တရားစွဲဆိုမှုရဲ့ ရလဒ်ကို ဆိုင်းငံ့ထားပါတယ်။

သူဟာ အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့ တရားစွဲဆိုမှုမှာ နာမည်ပေးထားတဲ့ တခြားအေဂျင်စီ ၁၆ ခုကိုတော့ အမိန့်မချခဲ့ပေမဲ့ ကြာသပတေးနေ့ရဲ့ စီရင်ချက်အပေါ် ပိုချဲ့ထွင်နိုင်တဲ့ ရေးသားဆုံးဖြတ်ချက်ကို ချက်ချင်း ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ရိုက်တာသတင်းအရ မတ် ၅ ရက်အထိ အမေရိကန်နိုင်ငံတဝန်းရှိ အလုပ်သမား ၂၅,၀၀၀ လောက် အလုပ်ထုတ်ခံခဲ့ရပြီး တခြား ၇၅,၀၀၀ လောက်က လျော်ကြေးငွေရယူပြီး ဆန္ဒအလျောက် အလုပ်ထွက်သွားကြပါတယ်။

ထရမ့်ပ် အစိုးရဟာ အလုပ်ဖြုတ်မှုတွေနဲ့ ပတ်သက်တဲ့ စာရင်းဇယားတွေကို ထုတ်ပြန်ထားခြင်း မရှိသေးဘဲ ကြာသပတေးနေ့ ဆုံးဖြတ်ချက်ကြောင့် ဝန်ထမ်း ဘယ်လောက်ကို ထိခိုက်နိုင်တယ် ဆိုတာကို ချက်ချင်း မသိရသေးပါဘူး။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013