
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီ၊ ထိုင်းသံရုံးရှေ့မှာ ဒေသစံတော်ချိန် မတ် ၁၃ ရက် မွန်းလွဲပိုင်းက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ စုစည်းပြီး ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရတဲ့မြန်မာတွေကို စစ်ကောင်စီလက်ထဲ ပြန်မပို့ဖို့ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။
၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး ထိုင်းအာဏာပိုင်တွေက ရွှေ့ပြောင်းမြန်မာ အများအပြားကို ဖမ်းဆီးပြီး စစ်ကောင်စီလက်ထဲ ပြန်ပို့နေတာကြောင့် ထိုင်းအစိုးရက ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထောက်ထားပြီး ပြန်ပို့တာတွေကို ရပ်ဆိုင်းပေးဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
Save Myanmar USA အဖွဲ့မှ ကိုရင်အေး က “Deportation လုပ်နေတာတွေဟာ၊ အသက်အန္တရာယ်တွေအထိဖြစ်လို့ လောလောဆယ်မလုပ်ဖို့နဲ့၊ ယာယီနေထိုင်ခွင့်ပေးထားဖို့ တောင်းဆိုတဲ့စာ သွားပေးတာပါ။”
စစ်အာဏာသိမ်းပြီးနောက် သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ စစ်ဘေးပြဿနာတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
နယ်စပ်စည်းတလျှောက် ဒုက္ခသည်စခန်းတွေမှာလည်း အမေရိကန်အစိုးရရဲ့ လူသားစာနာအကူအညီ USAID အစီအစဉ်တွေ ရပ်ဆိုင်းထားတာကြောင့် ပြည်သူတွေဟာ ဘက်ပေါင်းစုံက ဆိုးရွား တဲ့အခြေအနေနဲ့ကြုံတွေ့နေရတာပါ။
ဝါရှင်တန်ဒီစီ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ ထိုင်းသံရုံးကတဆင့် ထိုင်းဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဆီ လိပ်မူပေးပို့တဲ့စာမှာ ရွှေ့ပြောင်းမြန်မာတွေကို ယာယီခိုလှုံခွင့်ပေးဖို့၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပြီးမှ ရွှေ့ပြောင်းသူတွေအရေးကို ဆုံးဖြတ်ချက်ချဖို့ စတဲ့အချက်တွေကို ဖော်ပြထားပါတယ်။
သုတချမ်းသာ