
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်က ယုဇန ဆီအုန်းတောထဲမှာ မတ် ၁၂ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဆီအုန်းအလုပ်သမားတယောက် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မိုင်းနင်းမိတဲ့ အမျိုးသမီးမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်အုန်းဝင်း ဖြစ်ပြီး ယုဇန ဆီအုန်းကုမ္ပဏီပိုင်တဲ့ ဧက ၃၀၀ မှာ ပေါင်းခုတ်ဖို့ ဝင်ရောက်ရှင်းလင်းတဲ့အချိန် မြေမြှုပ်မိုင်းတလုံး နင်းမိ ပေါက်ကွဲခဲ့တာလို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းဆီက သိရပါတယ်။
“မိုင်းနင်းမှုမဖြစ်ခင် ကျနော်တို့က အာရ်ဇီးရိုး (R0) ဂိတ်ဘက်မှာ ရှိနေတယ်။ ပေါက်ကွဲသံကြားတော့ ရဲဘော်တွေ ထွက်လိုက်ကြည့်တာ ပြည်သူတယောက် မိုင်းနင်းမိသွားပြီ။ ဆေးဝါးတွေ အရင်ကုသပေးတယ်။ ပြီးတော့မှ မိသားစုဝင်တွေ၊ လုပ်ငန်းရှင်ပါ လိုက်လာပြီး ဆေးရုံကို ခေါ်သွားတယ်။”
အဆိုပါ မြေမြှုပ်မိုင်းဟာ စစ်ကောင်စီအသုံးပြုနေတဲ့ မြေမြှုပ်မိုင်း ၁၄ မိုင်းဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ၃ ရက်ဆက် ဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်ချိန်မှာ ထောင်သွားတာ ဖြစ်နိုင်တယ်လို့ ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်ကသုံးတဲ့ အီတလီခြေနင်းမိုင်း ၁၄ မိုင်းပါ။ လွန်ခဲ့တဲ့ရက်တွေတုန်းက အဲဒီနေရာအနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ် ပြန်လည်ဆုတ်ခွာတော့ မိုင်းထောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အခင်းဖြစ်ပွားတဲ့နေရာ ဧက ၃၀၀ မှာ စစ်ကောင်စီတပ်က နေရာအနှံ့မှာ မိုင်းထောင်ထားတယ်လို့ သိရပါတယ်။”
မိုင်းနင်းမိဒဏ်ရာရတဲ့ အမျိုးသမီးကို ဘုတ်ပြင်းမြို့ဆေးရုံမှာ ဆေးကုသပေးထားပြီး မိုင်းနင်းလိုက်တဲ့ ခြေထောက်တဖက်မှာ ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့လို့ ဖြတ်တောက်ရမယ့် အခြေအနေ ရှိနေပါတယ်။
အခုလို မိုင်းနင်းမိတဲ့ဖြစ်စဉ်မျိုး ယုဇနဆီအုန်းတောမှာ အရင်ကမရှိခဲ့ဘဲ လက်ရှိမှာ စစ်ကောင်စီတပ်သားတွေ အမြဲသွားလာလှုပ်ရှားနေတဲ့နေရာ ဖြစ်တာကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ သတိထား သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။