DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့်နှင့်ပတ်သက်ပြီး အိန္ဒိယ စိုးရိမ်
DVB
·
March 13, 2025
အိန္ဒိယ-မြန်မာ လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့်နှင့်ပတ်သက်ပြီး အိန္ဒိယ စိုးရိမ်
Donate to DVB

အိန္ဒိယ-မြန်မာနယ်စပ် လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့်နဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က စိုးရိမ်မှုတွေ ရှိနေသလို တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ လေ့လာသူတွေရဲ့ အကြံပြုချက်တွေလည်း ရှိနေပါတယ်။

အိန္ဒိယ-မြန်မာ လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့်မှာ ဆိုးကျိုးတွေရှိနေတယ်လို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒုအောမ်မာက မတ် ၁၀ ရက်မှာ ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကနေ ဇွန်လအတွင်း မီဇိုရမ်ပြည်နယ် အိုင်ဇောမြို့ကနေတဆင့် နိုင်ငံခြားသား ၂,၀၀၀ ကျော် မြန်မာ့ပြည်တွင်းရေးတွေ ဝင်ရောက်စွက်ဖက်ဖို့ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့် FMR မှာ မူးယစ်ဆေးနဲ့ လက်နက်ခဲယမ်းကိစ္စတွေ ပါဝင်နေပြီး ဗဟိုအစိုးရဘက်ကနေ ပိတ်ပင်တာတွေ လုပ်လာရင်လည်း တချို့အရာတွေမှာ ကောင်းကျိုးတွေလည်း ရှိလာနိုင်မယ်လို့ ယုံကြည်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။

အိန္ဒိယအစိုးရအနေနဲ့ နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူတကွ နည်းလမ်းရှာပြီး ရာဇဝတ်မှုတွေ နည်းပါးအောင် ပူးပေါင်းဆောင်ရွက်သင့်တယ်လို့ အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ India For Myanmar က သုံးသပ်ပါတယ်။

အိန္ဒိယ-မြန်မာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ India For Myanmar က ဆလိုင်းဒိုခါရ်က “နယ်စပ်ပိတ်ရင် တချို့ ကောင်းကျိုးတွေ ရှိလာမလားဆိုတာ လက်တွေ့မကျဘူး။ ကောင်းကျိုးရှိတော့ရှိမယ်၊ ဆိုးကျိုးက ပိုများမယ်။ အထူးသဖြင့် အခြေခံလူတန်းစားတွေ တအားထိမှာ၊ ကောင်းကျိုးဖြစ်စေမယ့်ဟာက ၁၀ ရာခိုင်နှုန်းလောက် ရှိပြီးတော့မှ ဆိုးကျိုးက ၉၀ ရာခိုင်နှုန်းလောက်ဖြစ်မှာ။ မီဇိုရမ်အစိုးရ အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ စနစ်တကျ ပူးပေါင်းပြီးတော့မှ နယ်စပ်လုံခြုံရေးကိစ္စတွေကို တရားဝင်လက်တွဲပြီး လုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုလက်တွဲချင်းအားဖြင့် ပြည်သူ့ကောင်းကျိုးကို ရရှိစေမှာဖြစ်တယ်။ နယ်စပ်ဒေသအားလုံးကို တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတာကို သိရဲ့သားနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင်ပူးပေါင်းဆောင်ရွက်မှု မလုပ်တာကတော့ ဆိုးကျိုးအဖြစ်ဆုံးလို့ ကျ‌နော်တော့ ယူဆတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးနဲ့ လက်နက်မှောင်ခိုကိစ္စတွေဟာ တရားဝင် နယ်စပ်ဂိတ်တွေကို ဖြတ်ကျော်ပြီး လုပ်ဆောင်ကြတာ မဟုတ်တဲ့အတွက် လွတ်လပ်စွာ နယ်စပ်ဖြတ်ကျော်ခွင့်ကို ကန့်သတ်လိုက်ရင်လည်း အဲဒီကိစ္စတွေကို လျော့နည်းသွားအောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြကြပါတယ်။

ချင်းပြည်နယ်က ပြည်သူတွေဟာ မီဇိုရမ်ဘက်ကို ကျန်းမာရေးနဲ့ ပညာရေး၊ စီးပွားရေးကိစ္စတွေမှာ အားကိုးနေရတဲ့အတွက် နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ပင်လိုက်ရင်တော့ ပြည်သူတွေအတွက် အခက်အခဲတွေ ကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

CDF မတူပီ တပ်မဟာ-၁ တာဝန်ရှိသူက “မီဇိုရမ်ဝန်ကြီးချုပ် ပြောသလို ဗဟိုအစိုးရဘက်ကနေ နယ်စပ်ဂိတ်တွေကို ပိတ်ပင်တင်းကျပ်တာမျိုး ဆိုရင်တော့ လက်နက်ကိုင်တွေအတွက်ကတော့ သိပ်ပြီးတော့ ပြဿနာမရှိဘူးဗျ။ ကျနော်တို့ကလည်း မရမက မီဇိုရမ်အပြင်ကို ထွက်ပေါက်တွေ အများကြီး ရှိနေတာမလို့ တတ်နိုင်သလောက် လမ်းကြောင်းရှာတဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ပြည်သူတွေအနေနဲ့ ဒီလမ်းပဲ အဓိက သူတို့သုံးတယ်ဆိုတော့ ပြည်သူတွေအနေနဲ့လည်း ရှောင်လို့မရဘူးပေါ့လေ။ လမ်းကလည်း မိန်းလမ်းတွေမှာ ဂိတ်တွေထိုးထားတယ်၊ တော်တော်လေးကို တင်းကျပ်လာတဲ့ အနေအထားမှာ ရှိတယ်။ ဥပဒေနဲ့မညီတဲ့ ပစ္စည်းတွေ မသယ်ဖို့ပေါ့လေ၊ အဲဒါတွေကတော့ အဓိကဖြစ်မှာပါ” လို့ ပြောပါတယ်။

မီဇိုရမ်ဘက်မှာ နေထိုင်ရတဲ့ အဆင်မပြေမှုတွေ ကြုံတွေ့ရတဲ့အခါ ချင်းပြည်နယ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေ အများကြီးရှိလာတဲ့အတွက် ကိုယ့်ဒေသကို ပြန်လည်နေထိုင်နိုင်ပါတယ်လို့လည်း CDF မတူပီ တပ်မဟာ ၁ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မတ် ၁၂ ရက်ထုတ် စစ်တပ်အာဘော် သတင်းစာတွေမှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေတဲ့ အုပ်စုတွေကို မလိုလားသလို မြန်မာနယ်မြေကို အသုံးပြုပြီး အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ အုပ်စုတွေကိုလည်း မြန်မာနိုင်ငံအနေနဲ့ လက်ခံမထားပါဘူးလို့ ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်ဟာ ကီလိုမီတာ ၁,၆၀၀ ‌ကျော် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာနိုင်ငံဘက်က တိုက်ပွဲတွေကြောင့် ပြည်သူ ၆၀,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံနေကြရတာ ဖြစ်ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013