
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းတိုက်နယ်က နေပူကန်ကျေးရွာကို မတ် ၁၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၈၀ ကျော် မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဆင်ဖြူကျွန်းတိုက်နယ်ထဲက နေပူကန်ကျေးရွာကို မတ် ၁၂ ရက် ညနေ ၅ နာရီလောက်မှာ စလင်းအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်ရင်းတွေက အင်အား ၃၀၀ လောက်ပါတဲ့ စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆင်ဖြူကျွန်းမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
အဲဒီမီးရှို့ဖျက်ဆီးမှုကြောင့် နေပူကန်ကျေးရွာမှာ အိမ်ခြေ ၁၁၀ လောက်ရှိတဲ့အနက် နေအိမ် ၈၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဆင်ဖြူကျွန်းတိုက်နယ်အတွင်းကို မတ် ၇ ရက် မနက်ပိုင်းက စတင်ကာ စစ်ကြောင်းထိုး မွှေနှောက်နေတာဖြစ်ပြီး ကျေးရွာ ၁၀ ရွာကျော်လောက်က ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရကာ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းတိုက်နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ အချိန်မရွေး နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ခရီးသွားပြည်သူတွေ ထိခိုက်မှုမရှိအောင် စလင်း-တညောင် ကားလမ်းကို ယာယီပိတ်ထားကြောင်း မတ် ၇ ရက်မှာ စလင်းမြို့နယ်ပကဖက သတိပေးထုတ်ပြန်ထားပါတယ်။