
စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲ့ တောင်ဘက် မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းရှိ တော်လှန်ရေး အင်အားစုတွေ ဖွင့်လှစ်ထားတဲ့ ကနီမြို့နယ်စုပေါင်းဂိတ်မှာ WY စိတ်ကြွမူးယစ်ဆေးဝါးတွေ သယ်ဆောင်လာသူတယောက်ကို မတ် ၁၂ ရက် နေ့ခင်း ၂ နာရီမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ မောင်တောမြို့၊ ရသေ့တောင်ကျေးရွာက အသက် ၄၅ နှစ်အရွယ် မောင်သိန်းလှ ဖြစ်ပြီး အရင်ကလည်း မူးယစ်ဆေးဝါးမှုနဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရဖူးပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၂ တပ်ရင်း တပ်ရင်း ၃၂ ရဲ့ IO AK က “တရားခံက ကနီမြို့နယ်အတွင်း ရောက်နေတာက ၃ ရက်လောက်ရှိပြီလို့ ပြောပါတယ်။ သူ မနေ့ညက အောင်မင်္ဂလာကျေးရွာမှာ ညအိပ်ပြီး ဒီနေ့မနက်မှာ ရခိုင်ကိုပြန်ဖို့ လမ်းမသိလို့ဆိုပြီး ကျနော်တို့ စုပေါင်းဂိတ်ကို လာပြီး လမ်းလာမေးတယ်။ သူ့ရဲ့မှတ်ပုံတင် ပြခိုင်းတော့ မှတ်ပုံတင်ကတ် ၃ ကတ်နဲ့ ထိုင်းစမတ်ကတ် တွေ့ရှိပါတယ်။ နောက်နာရီဝက်နေတော့ သူ့ဆီကနေ ဆေးအနံ့တခုရတော့ ခင်ဗျားက ဘာလုပ်တာလဲလို့ မေးတော့ ကုန်သည်တဦးပါ၊ ရှမ်းမြောက်က ကားမောင်းပြန်လာတာလို့ ဖြေပါတယ်။ ဒါနဲ့ သူ့ဆိုင်ကယ်တူးဘောက်ကို ဖွင့်ကြည့်တော့ တရုတ်စာတန်းနဲ့ ပတ်ထားတဲ့ အထုပ်တခု စတွေ့ပါတယ်ဗျ။ မသင်္ကာလို့ အဲဒီအထုပ်ကို ဖွင့်ကြည့်တော့ WY ဆေးပြား တွေ့ပါတယ်။ နောက်တော့ သူနဲ့အတူပါလာတဲ့ ဆီပုံးကို ဖွင့်ကြည့်တော့ ဆေးပြားထည့်ထားတာကို တွေ့ပါတယ်။ ပုံးရဲ့အောက်ပိုင်းကနေ ဖွင့်ပြီး ထည့်ထားတာကို တွေ့ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူထံကနေ ဆိုင်ကယ်တစီး၊ ပိုက်ဆံ ၅,၀၀၀ တန် ၁၈ ရွက်၊ ဖုန်း ၂ လုံး၊ Power Bank တလုံးနဲ့ WY စိတ်ကြွမူးယစ်ဆေး အထုပ် ၂၀ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး ဆေးအထုပ်တထုပ်မှာ WY ဆေးပြား ၁၀,၀၀၀ ပါရှိတယ်လို့ သိရပါတယ်။
အဆိုပါတရားခံနဲ့အတူ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ကနီမြို့နယ် ပလဖ ဦးစိုးမင်းထံ လွှဲပြောင်းအပ်ခဲ့ပြီလို့လည်း သိရပါတယ်။










