
ရခိုင်ပြည်နယ်၊ ဂွကမ်းခြေတလျှောက်နဲ့ ဧရာဝတီတိုင်း၊ ဘောမိကမ်းခြေတို့ကို စစ်အာဏာရှင် ရေတပ်က စစ်သင်္ဘော ၄ စင်းနဲ့ ဇူလိုင် ၈ ရက် တရက်တည်းမှာ လက်နက်ကြီးကျည် အလုံးရေ ၈၀ ကျော် ပစ်ခတ်တိုက်ခိုက်လို့ ကလေး ၂ ယောက် အပါဝင် အရပ်သား ၆ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် (AA) က ဇူလိုင် ၈ ရက် ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်-ဧရာဝတီအစပ်က တပ်စခန်းတွေကို တခုပြီးတခု လက်လွှတ် ဆုံးရှုံးနေရတာကြောင့် ဂွမြို့နယ်က စစ်ရေးပစ်မှတ်တွေ မဟုတ်တဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာ၊ ရေကြောင်း စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတယ်လို့ AA က ပြောပါတယ်။
ဇူလိုင် ၈ ရက် မနက် ၇ နာရီကနေ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်အထိ ဂွကမ်းခြေနဲ့ ဧရာဝတီတိုင်း ဘောမိကမ်းခြေ တလျှောက်ကို စစ်သင်္ဘော ၄ စင်းနဲ့ အစုန်အဆန်ပြုလုပ်ပြီး လက်နက်ကြီးကျည် ၈၇ လုံးခန့်ကို မရပ်မနားဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ယောက် အပါဝင် အရပ်သား ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် ဂွမြို့နယ် ကျိန္တလီမြို့ အမှတ် ၃ ရပ်ကွက်က ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ မရတနာထွန်း (၅ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နဲ့ ဒေါ်မိဝိုင်း (၅၀ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး နေအိမ်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ဇူလိုင် ၇ ရက် ည ၁၀ နာရီနဲ့ ၁၁ နာရီခွဲတို့မှာ ဂွမြို့နယ်ကို စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဂွမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်က တပ်စခန်းတွေကို အာရက္ခတပ်တော်ထံ ဆက်တိုက်လက်လွှတ်နေရတာကြောင့် ဂွမြို့နယ်ကို လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဂွမြို့နယ်က ကျေးရွာနဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို စစ်အာဏာရှင်တပ်က ဇွန်လကတည်းက ဆက်တိုက် ပစ်မှတ်ထား တိုက်ခိုက်လာနေတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ ဂွဒေသခံ နောက်ထပ် အများသားတယောက်က ပြောပါတယ်။
“ဂွမြို့နယ်အတွင်း အခုလပိုင်းအတွင်း လေကြောင်းဗုံးကြဲတာ၊ ရေတပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေကို ဆက်တိုက်ပြုလုပ်လာနေတာ ရှိတယ်။ အဲဒီလို တိုက်ခိုက်မှုတွေ ကြောင့်လည်း ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှုတွေလည်း ဆက်တိုက်မြင့်လာနေတော့ လေကြောင်းအန္တရာယ်နဲ့ နေဗီအန္တရာယ်ကို စိုးရိမ်တကြီး သတိထားနေကြရတယ်။”
ဇွန်လအတွင်းကလည်း ဂွမြို့၊ ကျိန္တလီမြို့၊ ကျောက်ချွန်ကျေးရွာ၊ ကံကော်တောင်ကျေးရွာနဲ့ ရမ္မာကျွန်းကျေးရွာတို့ကို လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်စစ်မျက်နှာနဲ့ အာရက္ခတပ်တော်နဲ့ ထိတွေ့စစ်မျက်နှာတွေမှာ အရှုံးနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာကြောင့် ရခိုင်က လက်လွှတ်ထားရတဲ့ မြို့နယ်တွေကို ဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာလည်း ဖြစ်ပါတယ်။










