
ကနေဒါနိုင်ငံရဲ့ အာဏာရ လစ်ဘရယ်ပါတီနဲ့ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ရှိတဲ့ မာ့ခ် ကာနေးက ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနဲ့ တွေ့ဆုံခဲ့ပြီး အာဏာလွှဲပြောင်းရေးဟာ မြန်မြန်ဆန်ဆန်ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲဖို့နဲ့ ကာလကြာ မဟာမိတ်အပေါ် စည်းကြပ်ခွန်တွေ ပေးဆောင်ခိုင်းတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကိုင်တွယ်ဖို့ အကောင်းဆုံးနေရာအတွက် လစ်ဘရယ်ပါတီဝင်တွေက ကာနေးကို ပါတီခေါင်းဆောင်အဖြစ် တနင်္ဂနွေနေ့မှာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ကာနေးက တရားဝင်တာဝန်ယူချိန် မတိုင်ခင်အထိ ထရူးဒိုးက ၀န်ကြီးချုပ်ဖြစ်နေဆဲပါ။ “ဒီအကူးအပြောင်းဟာ ချောမွေ့ပြီး မြန်ဆန်ပါလိမ့်မယ်” လို့ ထရူးဒိုးကို တွေ့အပြီး ကာနေးက ပြောပါတယ်။
ကာနေးဟာ ကြာသပတေး ဒါမှမဟုတ် သောကြာနေ့မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရနိုင်တယ်လို့ Globe and Mail သတင်းစာက ဖော်ပြခဲ့ပါတယ်။
ထရမ့်ပ်နဲ့ ကာနေးရဲ့ ဆက်ဆံရေးအကြောင်း မေးမြန်းရာမှာ ကာနေးက ဝန်ကြီးချုပ် မဖြစ်သေးဘူးလို့ ပြောရင်း ဖြေဖို့ ငြင်းခဲ့ပါတယ်။
လစ်ဘရယ် ပါလီမန်အမတ် ကာနေးက မကြာမီ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုမယ်လို့ လစ်ဘရယ် သတင်းရင်းမြစ်တွေက ပြောခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters











