
မက္ကဆီကိုနိုင်ငံ အနောက်ပိုင်း ဟာလစ္စကိပြည်နယ်မှာ မကြာသေးခင်က တွေ့ရှိခဲ့တဲ့ အစုလိုက် အပြုံလိုက် သင်္ချိုင်းတခုကို စုံစမ်းစစ်ဆေးမှု အပြည့်အဝ လုပ်ဆောင်ဖို့ မက္ကဆီကို ရှေ့နေချုပ် အလက်ဂျန်ဒရို ဂါ့တ်ဇ်မာနဲရိုက မတ် ၁၁ ရက်မှာ ကတိပြု ပြောကြားလိုက်ပြီး အဲဒီသင်္ချိုင်းဟာ နိုင်ငံရဲ့ အကြမ်းဖက် မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့လည်း ယူဆထားပါတယ်။
မကြာသေးခင်က အရပ်ဘက် တက်ကြွလှုပ်ရှားသူ အုပ်စုတဖွဲ့ဟာ ဟာလစ္စကိုရှိ တေနို့ရှ် တိ(တ်)လန်မြို့ မြူနီစီပယ်နယ်မြေမှာ အလောင်းတွေကို မီးသင်္ဂြိုဟ်ရာမှာ အသုံးပြုတဲ့ မီးဖိုပေါင်းများစွာနဲ့အတူ အစုလိုက်အပြုံလိုက် သင်္ချိုင်းတခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေက ဖော်ပြအပြီးမှာ မက္ကဆီကိုနိုင်ငံရဲ့ ထိပ်တန်းအစိုးရရှေ့နေက ကတိပြု ပြောကြားချက် ထွက်လာတာပါ။
ရှေ့နေချုပ် ဂါ့တ်ဇ် မာနဲရိုက “ဒီအမှုရဲ့ သမိုင်းကြောင်း အပြည့်အစုံကို စုံစမ်းစစ်ဆေးမှုတခု လုပ်ရမယ်။ တနည်းပြောရရင် ဒီသဘောသဘာဝကို စည်ပင်သာယာရေးနဲ့ ပြည်နယ်က ဒေသအာဏာပိုင်တွေ မသိနိုင်ဘူး ဆိုတာ မယုံနိုင်စရာပါဘဲ” လို့ သမ္မတရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီတွေ့ရှိမှုကို နိုင်ငံသားအဖွဲ့တခုက လုပ်ခဲ့တာပါ။ အနီးတဝိုက်မှာ စစ်ဆင်ရေးတွေ ဆက်တိုက်လုပ်ထားပြီးသားဆိုတော့ ပွင့်ပွင့်လင်းလင်း သိထားတဲ့ ကိစ္စလည်းဖြစ်တယ်” လို့ ဆိုပါတယ်။
“ဒါကြောင့် နောက်ခံက ဘာလဲ၊ ဘယ်သူတွေက အဲဒီဒေသကို ကာကွယ်စောင့်ရှောက်တာလဲ၊ အဲဒီပိုင်ရှင်တွေက ဘယ်သူတွေလဲ ဆိုတဲ့ အစီရင်ခံစာကို အလွန်တိတိကျကျ ပေးရပါမယ်” လို့လည်း ဆိုပါတယ်။
၂၀၂၄ ခုနှစ်မှာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ မက္ကဆီကန် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးအသင်းဟာ ၁၉၆၂ ခုနှစ်ကတည်းက ပျောက်ဆုံးနေတဲ့ လူပေါင်း ၁၁၁,၀၀၀ လောက်ရှိပြီး ခုထိ ပြန်မတွေ့ရသေးကြောင်း ပြထားတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
ပျောက်ဆုံးသူဦးရေ အများဆုံးပြည်နယ်တွေမှာ ဟာလစ္စကို၊ မီချွာကနနဲ့ မက္ကဆီကို ပြည်နယ်တို့ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Source : Reuters