
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဆယ်ရွှေမှော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်သားတွေက ယာယီတဲတွေနဲ့ စက်ဆိုင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသခံတွေရဲ့ စက်ပစ္စည်းတွေက ကျပ်သိန်းရာကျော်တန်ဖိုးရှိတယ်လို့ မီးရှို့ခံရသူနဲ့နီးစပ်သူက ပြောပါတယ်။
"လန်ဆယ်ကို တပ်ပေါင်းစုတွေ သိမ်းပိုက်ပြီးနောက်မှာ ရွှေမှော်အကုန်လုံးကိုပိတ်လိုက်တာ။ KIAစစ်သားတွေ ဘက်ကလည်း ရွှေမှော်ပိတ်လိုက်တာဖြစ်လို့ စက်ဆိုင်းတွေ အကုန်ရွေ့ဖို့ပြောဆိုခဲ့တာလည်းရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ စက်တွေမရွေ့သေးပါဘူး။ ဘာလို့လဲဆိုတော့ ပြန်ဖွင့်မယ်လို့ပြောခဲ့လို့ဖြစ်ပါတယ်။ ဒီလိုနဲ့ ဒီနေ့သွားကြည့်လိုက်တော့ ယာယီတဲအကုန်မီးရှို့ပေးခဲ့တယ်၊ စက်တချို့လည်းပါသွားတယ်။"
လန်ဆယ်ရွှေမှော်မှာ ဒေသခံတွေရဲ့ စက်တွေမီးရှို့ခံရတဲ့အပြင် ယာယီတဲတွေလည်း အကုန်လုံးမီးရှို့ပျက်ဆီးခံရတာယ်လို့ တော်လှန်ရေးတပ်ဖွဲ့၀င်တယောက်ကလည်း ပြောပါတယ်။
"ပြည်သူကိုကိုယ်စားပြုတဲ့ တော်လှန်ရေးတပ်ဖွဲ့၀င်တွေက ခုလိုပြည်သူလူထုရဲ့ ပစ္စည်းတွေ ပျက်စီးတာက လုံး၀ကိုလက်ခံလို့မရတဲ့ လုပ်ရပ်ပါ။ ကျနော်တို့က ပြည်သူထဲကလာတာဖြစ်လို့ ပြည်သူလူထုကိုကာကွယ်ရမှာပါ။ KIA အောက်ခြေစစ်သားတွေကို အထက်က သေချာ စည်းကမ်းရှိစွာ ထိန်းချုပ်ဖို့တော့လိုနေပြီ။"
လန်ဆယ်ဒေသကို KIAနဲ့ တပ်ပေါင်းစုတွေ ထိန်းချုပ်ထားပြီးတဲ့နောက်မှာ "၀" ကုမ္ပဏီနဲ့ KIA တို့ပူးပေါင်းပြီးတော့ ရွှေတူးဖို့စီစဉ်နေကြသလို KIO/KIA ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေကလည်း ရွှေလုပ်ကွက်အတွက် ဒေသခံပြည်သူလူထုရဲ့ မြေနေရာကို ဧက ထောင်ကျော် သိမ်းပိုက်ထားတယ်လို့ KIO နဲ့ နီးစပ်သူက ပြောပါတယ်။
"၀ တွေနဲ့ ပေါင်းပြီးတော့ ရွှေတူးဖော်ဖို့လုပ်နေကြတယ်။ ဒီကိစ္စကို ဒေသခံတွေနဲ့ ပြည်ပရောက်တဲ့ ပူတာအိုဒေသခံတွေက သဘောမတူကြောင်း တာ၀န်ရှိတဲ့ KIO လူကြီးပိုင်းကို ပြောဆိုထားပါပြီ။ ခုထိတော့ ထူးခြားမှုမရှိသေးဘူး။ ဒါ့အပြင် KIOရဲ့ ထိပ်ပိုင်းခေါင်းဆောင် တယောက် ကလည်း သူကိုယ်ပိုင်ရွှေလုပ်ကွက်အတွက် ဒေသခံတွေရဲ့မြေယာတွေ ဧက ၁၀၀၀ ကျော်လောက်ရှိမယ် သိမ်းပိုက်ထားတယ်"လို့ ဆိုပါတယ်။
လန်ဆယ်ဒေသတွင် နေထိုင်ကြတဲ့ ဒေသခံတွေဟာ သူတို့မိသားစုအလိုက် မြေယာ၊ တောတောင်တွေသတ်မှတ်ကာ ပိုင်ဆိုင်နေကြပြီး တပ်ပေါင်းစုဘက်က မသိမ်းပိုက်ခင်ထိ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က ထိန်းချုပ်ထားခဲ့တဲ့ ဒေသတခု ဖြစ်ပါတယ်။
လန်ဆယ်ဒေသမှာ ကချင်မျိုးနွယ်စုထဲမှ ရ၀မ်လူမျိုးစုနဲ့ လီဆူလူမျိုးစုတွေ အဓိက နေထိုင်ကြပြီးတော့ တပိုင်တနိုင်ရွှေတူးဖော်ကာ မိသားစု၀မ်းရေး စီးပွားရှာနေကြတာလို့ သိရပါတယ်။
ခုလက်ရှိတွင် လန်ဆယ်ဒေသကို KIA၊ KPFနဲ့ တပ်ပေါင်းစုစစ်သားတွေက ဒေသကာကွယ်ရေးတာ၀န်ကို ဆောင်ရွက်နေတာဖြစ်ပြီး အခုလို မီးရှို့ဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး KIA တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။











