
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ မတ်လ ၅ ရက်က လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် မအူပင်အကျဉ်းထောင်ရှိ အပြင်အုတ်ရိုးကွဲအက်သွားလို့ အမြန်ဆုံးပြန်လည်ပြုပြင်ဖို့ စစ်ကောင်စီခန့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက လာရောက်ကြည့်ရှု ညွှန်ကြားသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဝန်ကြီးချုပ်က မတ် ၁၀ ရက်မှာ မအူပင်မြို့ကိုရောက်လာပြီး အကျဉ်းထောင်ဟာ လုံခြုံရေးနဲ့ ဆက်စပ်တာကြောင့် အမြန်ဆုံးပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြားခဲ့သလို ကွဲအက်သွားတဲ့ အကျဉ်းထောင် အုတ်ရိုးနား မကပ်ဖို့လည်း ကန့်သတ်တားမြစ်သွားပါတယ်။
မအူပင်ထောင်နဲ့ နီးစပ်သူတယောက်က “တိုင်းဝန်ကြီးချုပ်က ငလျင်ကြောင့် မအူပင်ထောင် အပါအဝင် အပျက်အစီးတွေကို လာကြည့်သွားတာ။ တခြားအပျက်စီးတွေထက် မအူပင် အကျဉ်းထောင်ကို အဓိကထား ဦးစားပေးလုပ်ဖို့ ပြောတယ်”လို့ ဆိုပါတယ်။
အဲဒီငလျင်ကြောင့် မအူပင်အကျဉ်းထောင်ရှိ အုတ်ရိုးကွဲအက်သွားတာ အပါအဝင် အစိုးရရုံးတွေ၊ လူနေအိမ်တွေ၊ သာသနိကအဆောက်အအုံတွေလည်း ပျက်စီးသွားတာပါ။ မတ်လ ၁၀ ရက်အထိလည်း နောက်ဆက်တွဲ ငလျင်လှုပ်ခတ်နေလို့ မြို့ခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်အုပ်ချုပ်ရေး အဖွဲ့ဝင်တယောက်က “မအူပင်မှာက ငလျင်လှုပ်ခတ်လို့ လူသေတဲ့အထိ ဖြစ်ခဲ့ဖူးတာဆိုတော့ အကြောက်မလွန်ဘဲ သတိတော့ထားစေချင်တယ်။ ငလျင်က မနေ့ကအထိလည်း လှုပ်နေတုန်းပဲ” လို့ ပြောပါတယ်။
မအူပင်မြို့မှာ နောက်ဆက်တွဲ ငလျင်တွေ ထပ်မံလှုပ်ခတ်နိုင်ခြေရှိတယ်လို့ ငလျင်ပညာရှင်တွေက သတိပေးတာတွေရှိပြီး ငလျင်ဟာ ကြိုတင်ခန့်မှန်းလို့မရတဲ့ သဘာဝဘေးဖြစ်လို့ ဆောင်ရန် ရှောင်ရန် အချက်တွေကို လေ့လာစောင့်ကြည့်လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း မြေငလျင်ဒဏ်ကြောင့် မအူပင်မြို့မှာ မိုးကုတ်တရားစခန်းက ကွန်ကရစ်ပြား ပြိုကျခဲ့လို့ သီလရှင်တပါးနဲ့ ယောဂီအမျိုးသမီးတယောက် သေဆုံးခဲ့သလို အကျဉ်းထောင် အုတ်ရိုးပေါ်က အုတ်ခဲတွေ ပြုတ်ကျလို့ အကျဉ်းသူတယောက် လက်ကျိုးတဲ့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။