
လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ အားကစားပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Adidas နဲ့ ပြန်လည် လက်တွဲတော့မှာဖြစ်ပြီး တနှစ်ကို ပေါင်သန်း ၆၀ ရရှိမယ်လို့ သိရပါတယ်။
လက်ရှိ ဘောလုံးရာသီမှာ ဝတ်ဆင်နေတဲ့ Nike နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အရင်က လက်တွဲခဲ့ဖူးတဲ့ Adidas နဲ့ ပြန်လည် လက်တွဲခဲ့တာပါ။
လီဗာပူးအသင်းဟာ ၂၀၁၂ ခုနှစ်က Adidas ဂျာစီကို နောက်ဆုံး ဝတ်ဆင်ခဲ့တာဖြစ်ပြီး ၁၃ နှစ် အကြာမှာ ပြန်လည်တွဲဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။
Adidas နဲ့ အတူ အောင်မြင်မှုတွေ အများကြီးရယူနိုင်ခဲ့သလို အသင်းရဲ့ နာမည်ကျော်ဂျာစီ အများစုဟာလည်း Adidas နဲ့ ဖန်တီးခဲ့တာဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ပံ့ပိုးကူညီခဲ့တဲ့ Nike ကိုလည်း ကျေးဇူးတင်ကြောင်း လီဗာပူးစီအီးအို ဘေလီဟော့ဂန်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ရရှိနေတဲ့ ဂျာစီစပွန်ဆာတန်ဖိုးအတိုင်း တနှစ်ကို ပေါင်သန်း ၆၀ ရရှိမှာဖြစ်ပြီး မန်ယူအသင်းက တနှစ်ကို ပေါင်သန်း ၉၀၊ မန်စီးတီးက တနှစ်ကို ပေါင် ၆၅ သန်း အသီးသီးရရှိနေတာ ဖြစ်ပါတယ်။