
ထိုင်းမြောက်ပိုင်း၊ နခွန်းဆဝမ်မြို့နယ်ရဲစခန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က မူးယစ်တရားခံတယောက်ကို သေဆုံးတဲ့အထိ အိတ်အမည်းနဲ့ခေါင်းစွပ်ပြီး စစ်ဆေးခဲ့လို့ ထောင်ကျနေတဲ့ စခန်းမှူး ရဲမှူးကြီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ အဆုံးစီရင်သွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၄၃ နှစ်ရွယ်ရှိ ရဲမှူးကြီး ထိသီဆန် အူထနဖွန်း (ခ) စခန်းမှူး ဂျို့ဟာ တမင်ရည်ရွယ်လူသတ်မှုနဲ့ သေဒဏ် အပြစ်ပေးခံထားရပေမဲ့ ဝန်ထမ်းဘဝ အလုပ်ကြိုးစားခဲ့တာကြောင့် ဗဟိုတရားရုံးက ထောင်ဒဏ်တသက်တကျွန်းထိ လျှော့ပေးခဲ့ပြီး လက်ရှိ ဘန်ကောက် ကျတူးကျတ်နယ်မြေ လတ်ယောင်းမြို့နယ် ခလောင်းဘလဲမ်အကျဉ်းထောင်မှာ ပြစ်ဒဏ်ခံယူစဉ် မတ် ၇ ရက် ည ၉ နာရီက ထောင်ထဲမှာ သေဆုံးနေတဲ့ အလောင်းအဖြစ် ထောင်ဝန်ထမ်းတွေက တွေ့ရှိခဲ့တာပါ။
လည်ပင်းမှာ အညိုမည်းစွဲဒဏ်ရာနဲ့ မျက်နှာသုတ်ပဝါတထည် တွေ့ရှိပြီး စီစီကင်မရာမှာလည်း သီးသန့်အကျဉ်းခန်းထဲ သူတယောက်တည်းသာ ရှိတာကြောင့် အဆိုပါပဝါနဲ့ သူ့ကိုယ်သူ ဆွဲကြိုးချ အဆုံးစီရင်သွားကြောင်း ထောင်မှူးက ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ ဇနီးနဲ့ မိသားစုဝင်တွေကတော့ ဒီမတိုင်ခင် ထောင်ဝင်စာသွားတွေ့စဉ်က သူဟာ ထောင်မှူးနဲ့ စကားများပြီး တခြားအကျဉ်းသားတွေရဲ့ အနိုင်ကျင့် ထိုးနှက်တာခံရတယ်လို့ ပြောတယ်၊ ဆွဲကြိုးချတဲ့ မျက်နှာသုတ်ပဝါဟာ တိုနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာ မဖြစ်နိုင်၊ အမှုမှန်ပေါ်ပေါက်ရေး စစ်ဆေးပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။
ဒါကြောင့် ထိုင်းရဲတပ်ဖွဲ့ကလည်း သူ သေဆုံးပုံနဲ့ ပတ်ဝန်းကျင်ဆိုင်ရာအထောက်အထားတွေ ပြန်လည်စစ်ဆေးနေပါတယ်။
စခန်းမှူး ဂျို့ ဟာ ဖခင်ရဲအရာရှိအသိုက်အဝန်းကဖြစ်ပြီး သူ ငယ်စဉ်ကလည်း ရဲအရာရှိဖြစ်ချင်လို့ စာကြိုးစားခဲ့ပါတယ်၊ ရဲသင်တန်းတက်ရောက်ပြီး ရဲတပ်ကြပ်အဆင့်နဲ့ တာဝန်ထမ်းဆောင်တယ်၊ မူးယစ်ဆေးဝါးနှိမ်နင်းမှုမှာ လက်သံပြောင်လို့ နာမည်ကောင်းရခဲ့တယ်၊ လျင်မြန်စွာပဲ ရာထူးတက်တယ်။ နောက်ဆုံး နခွန်းဆဝမ်စခန်းမှူးရာထူးမှာဆိုရင် သူ့ရှေ့မှာ တန်းစီစောင့်ဆိုင်းနေတဲ့ စီနီယာ ၃၀၀ ကျော်ကို ကျော်လွန်ပြီး အဆိုပါရာထူးကိုရခဲ့တယ်။ သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ရာထူးရှိပြီး ရုပ်ဖြောင့်တယ် ငွေကြေးချမ်းသာတယ်၊ ဇိမ်ခံကားနဲ့ရုံးတက်ပြီး အဆင့်အတန်းမြင့်မြင့် နေထိုင်စားသောက်တာကြောင့် ရေပန်းစားတဲ့ အရာရှိတယောက် ဖြစ်ခဲ့ပါတယ်။
အမှုမဖြစ်ခင် ၂၀၂၂ ခု ဩဂုတ် ၂၄ ရက်က နခွမ်းဆဝမ်ရဲစခန်းရှိ မူးယစ်မှု တရားခံ နိုင်းကျီလဖုန်းဟာ မူးယစ်ဆေး အလွန်အကျွံသုံးပြီး သေဆုံးသွားတယ်လို့ ဇနီးနဲ့ မိသားစုထံအ ကြောင်းကြားခဲ့ပါတယ်။ ဒီမတိုင်ခင်က သူတို့ဇနီးမောင်နှံနှစ်ယောက်လုံးကို ဖမ်းမိတာဖြစ်ပြီး အမျိုးသားနဲ့ ညှိနှိုင်းမယ်ဆိုကာ အမျိုးသမီးကိုတော့ လွှတ်ပေးခဲ့တယ်၊ အဲဒီကာလမှာ နိုင်းကျီလဖုန်း သေဆုံးသွားတော့ ရဲစခန်းက လျော်ကြေးငွေအချို့နဲ့ အသုဘကို စီစဉ်ပေးခဲ့ပါတယ်။
ဒါပေမဲ့ သူ့ဇနီးကတော့ ခင်ပွန်း မူးယစ်ဆေး အလွန်အကျွံသုံးတာ မယုံကြည်ဘူး၊ မကြာခင်ရက်ပိုင်းတွင်း ရဲစခန်းမှာ အဆိုပါတရားခံကို ရဲတွေက ဝိုင်းဝန်းစစ်ဆေးနေပုံ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ရက်မှာ တက်လာတယ်၊ မူးယစ်မှုကနေ ကင်းလွတ်ချင်ရင် ဘတ် ၂ သန်းပေးရမယ်လို့ ရဲတွေက ပြောတယ်၊ တရားခံက ၁ သန်းပဲ ပေးနိုင်မယ် ပြောတယ်၊ ရဲတွေက စခန်းမှူးကို ၁ သန်းပဲ ပေးမယ့်အကြောင်း တိုင်တော့ စခန်းမှူးဂျို့က “မင်းတို့ကောင်တွေ အသုံးမကျဘူး၊ ငါကိုယ်တိုင် စစ်မယ်” လို့ပြောပြီး အိတ်အမည်းနဲ့ ခေါင်းကိုစွပ်ကာ ငွေ ၂ သန်း အတင်းတောင်းနေတဲ့ ပုံတွေ အသံဖိုင်တွေ တက်လာပါတယ်။
အဆိုပါ ဖိုင်ကို နခွမ်းဆဝမ်ရဲစခန်းမှ အောက်ခြေရဲဝန်ထမ်းတယောက်က ပေးပို့တာဖြစ်ကြောင်း၊ ဘယ်သူဆိုတာတော့ အမည်မဖော်လို၊ ဒါပေမဲ့ သူတို့စခန်းမှာ မူးယစ်တရားခံတွေကို အဲဒီလို စစ်ဆေးငွေညှစ်ပြီး ငွေရမှ ပြန်လွှတ်ပေးတဲ့ ကေ့စ်တွေ အများကြီးရှိခဲ့တယ်၊ မြို့နယ်ရဲစခန်း နာမည်ပျက်တယ်၊ ဒါကြောင့် လူ့အခွင့်အရေးဆိုင်ရာရှေ့နေတွေကနေတဆင့် အများသူငှာ သိအောင် ချပြခဲ့တာလို့ ရှေ့နေတယောက်က ပြောပါတယ်။
အဲဒီနောက်ပိုင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးရဲ့ အမိန့်နဲ့ စခန်းမှူးဂျို့နဲ့ အပေါင်းအပါ ၆ ယောက်ကို ရာထူးမှချထားပြီး သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်သည်အထိ စစ်ဆေးအရေးယူခဲ့တာ ဖြစ်ပါတယ်။
စခန်းမှူးဂျိူ့ဟာ အရာရှိဝန်ထမ်းလစာ တလ ဘတ် ၄၀,၀၀၀ ကျော်သာရပေမဲ့ သူ့မှာ ဘတ်သန်းပေါင်း ၁၀၀ ကျော်တန် ရေကူးကန်ပါ ခမ်းနားထည်ဝါ တိုက်ကြီး ၂ လုံး၊ ငွေစုဘဏ်စာအုပ် ၃ အုပ်မှ စုငွေ ဘတ်သန်းပေါင်း ၁၂၀၀ ကျော်နဲ့ ဇိမ်ခံကား ၁၅ စီးပိုင်ဆိုင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။
ဒါ့အပြင် မလေးရှားနယ်စပ်မှာ တာဝန်ကျစဉ် အကောက်ခွန်မဲ့ကားတွေ သိမ်းယူပြီး လေလံတင် ရောင်းချတယ်၊ နိုင်ငံတော်ရန်ပုံငွေထဲ ပြန်မထည့်တာတွေ များစွာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူ့ဇနီးဖြစ်သူဟာလည်း ကားပွဲစားတယောက်ဖြစ်ပြီး ငွေကြေးများစွာချမ်းသာပါလျက် နောက်ဆုံး ဒီဘဝ ရောက်သွားရတာဟာ လောဘဇောအတောမသတ်နိုင်လို့၊ သူက ရက်စက်ခဲ့သူတွေရဲ့ ဝဋ်ကြွေးတွေ ပြန်ဆပ်ရတာလို့ ထိုင်းလူမှုကွန်ရက်မှာ ဝေဖန်နေကြပါတယ်။
Source: Thairath / khaosod / PPTV











