
ရုရှားနိုင်ငံ၊ ကာ့စ်ဒေသထဲမှာရှိနေတဲ့ ယူကရိန်းတပ်တွေကို ရုရှားတပ်တွေက အနောက်ဘက်ကနေ ဝင်တိုက်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက်နဲ့ ရုရှားစစ်ဘလော့ဂါတွေက အတည်ပြုပါတယ်။
လျှပ်တပြက်ထိုးစစ်နဲ့ ယူကရိန်းဘက်က သိမ်းယူထားတဲ့ ရုရှားနယ်စပ်ဒေသက တချို့နယ်မြေတွေကို ပြန်သိမ်းနိုင်ခဲ့တယ်လို့လည်း ရုရှားဘက်က ထုတ်ပြန်ပါတယ်။
ရုရှားတပ်တွေဟာ အရင်က ဥရောပကို ဓာတ်ငွေ့ပို့တဲ့နေရာမှာ သုံးခဲ့တဲ့ ပိုင်းလိုင်းထဲကနေ ၉ မိုင်လောက် လမ်းလျှောက်ပြီးတော့ ယူကရိန်းတပ်တွေကို နောက်ကနေ အမှတ်မထင် ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ စစ်ဘလော့ဂါ ယူရီပိုဒိုလျာကာက ရေးသားထားပါတယ်။
ရုရှားတပ်တွေဟာ ပိုက်လိုင်းထဲမှာ ရက်နဲ့ချီနေခဲ့ပြီးတော့မှ ဆူဂျာမြို့အနီးမှာ ယူကရိန်းတပ်တွေကို နောက်က ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
ရုရှားဘက်က ထုတ်ပြန်တဲ့ ပုံတွေမှာ အထူးတပ်ဖွဲ့တွေဟာ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေ တပ်ပြီး ပိုက်လိုင်းကြီးထဲကနေ သွားလာနေပုံတွေ ပါရှိပါတယ်။
ပိုက်လိုင်းကို သုံးပြီးတိုက်တာမှန်တယ်လို့ ယူကရိန်းစစ်ရုံးဘက်ကလည်း အတည်ပြုပါတယ်။ ဒါပေမဲ့ အချိန်မီ သတိပြုမိပြီး ရော့ကက်တွေ အမြောက်တွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရုရှားကျူးကျော်ခံနေရတဲ့ ယူကရိန်းဟာ ပြီးခဲ့တဲ့ဩဂုတ်လမှာ ရုရှား ကာ့စ်ဒေသကို တန်ပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားနယ်မြေကို ပထမဆုံး ကျူးကျော်တာလည်း ဖြစ်ပါတယ်။
ရက်ပိုင်းအတွင်းမှာ ယူကရိန်းတပ်တွေက စတုရန်းကီလိုမီတာ ၁,၀၀၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မဟာဗျူဟာကျတဲ့ နယ်စပ်မြို့ ဆုဂျာကို သိမ်းနိုင်ခဲ့သလို ရုရှားစစ်အကျဉ်းသားရာချီ ဖမ်းနိုင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးဟာ နောင်အခါ ငြိမ်းချမ်းရေးဆွေးနွေးရင် သိမ်းထားတဲ့ နယ်မြေချင်းဖလှယ်လို့ ရအောင် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ လနဲ့ချီကြာလာချိန်မှာတော့ ကာ့စ်ဒေသက ယူကရိန်းတပ်တွေကို ရုရှားက မဟာမိတ် မြောက်ကိုရီးယားတပ်တွေပါ သုံးပြီး အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
နောက်ပိုင်းမှာ ယူကရိန်းစစ်သားတွေဟာ အဝိုင်းခံရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတယ်လို့ စစ်မြေပြင် မြေပုံတွေက ပြသနေပါတယ်။
Source : Reuters