
ဂျိမ်းစ်ဘွန်းမင်းသားသစ်ဟာ ဗြိတိသျှလူမျိုးပဲ ဖြစ်သင့်တယ်လို့ ဒီဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသားကြီး ပီးယားစ်ဘရော့စ်နန်က ပြောကြားလိုက်ပါတယ်။
ဂျိမ်းစ်ဘွန်းဇာတ်ကား ထုတ်လုပ်သူတွေက အနုပညာဆန်းသစ်မှုပိုင်း ထိန်းချုပ်မှုကို အမေရိကန် Amazon ကုမ္ပဏီကို လက်လွှဲလိုက်တာဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အိုင်းရစ်ရှ်လူမျိုး ဘရော့စ်နန်က ပြောပါတယ်။
Amazon ဘက်ကလည်း ဒီဇာတ်ကောင်ကို ဂုဏ်သိက္ခာရှိရှိ၊ တလေးတစား ကိုင်တွယ်မယ်လို့ မျှော်လင့်ကြောင်း မင်းသားကြီးက ပြောပါတယ်။
ဘယ်သူ့ကို ရွေးမယ်ဆိုတာ အမေရိကန်ကုမ္ပဏီ Amazon MGM Studios က ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။
လက်ရှိမှာ နောက်ဆုံး ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ်ရဲ့နေရာ အစားဝင်ဖို့ အင်္ဂလိပ်တွေ ဖြစ်တဲ့ ဂျိမ်းစ်နော်တန်၊ အာရွန် တေလာဂျွန်ဆင်၊ သီယိုဂျိမ်းစ်တို့ ရေပန်းစားနေပါတယ်။
ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ ဗြိတိသျှလူမျိုး မဟုတ်သူတွေ သရုပ်ဆောင်ခဲ့တာ နှစ်ကြိမ်ပဲ ရှိခဲ့ပြီး ပထမတကြိမ်က ဩစတြေးလျနိုင်ငံသား ဂျော့ဂျ်လာဇန်ဘီ ဖြစ်ပြီး ဒုတိယတကြိမ်က အိုင်းရှစ်လူမျိုး ဘရော့စ်နန် ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်တွေထဲက တယောက်မှ ဒီဇာတ်ရုပ်မှာ သရုပ်မဆောင်ခဲ့ဖူးပါဘူး။ အမေရိကန် မင်းသားကြီး ကလင့်အိစ်ဝုဒ်ကတော့ ရှောင်ကွန်နရီ နေရာအစားဝင်ဖို့ ကမ်းလှမ်းခံခဲ့ရဖူးပြီး ငြင်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။
ဗြိတိန်သျှလူမျိုး မဟုတ်တဲ့အထဲမှာတော့ အိုင်းရစ်ရှ်တွေဖြစ်တဲ့ ပေါလ်မက်စ်ကယ်၊ ခီလီယန်မာဖီနဲ့ အေဒန်တာနာ၊ ဩစတြေးလျက ဂျက်ကော့ဘ်အီလော်ဒီတို့ ဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေးနေကြပါတယ်။
မူလ ဂျိမ်းစ်ဘွန်းဝတ္ထုတွေ ရေးခဲ့တဲ့ စာရေးဆရာကြီး အီယန်ဖလင်းမင်းရဲ့ ဇာတ်လမ်းတွေအရတော့ ဘွန်းဟာ စကော့လူမျိုး ဖခင်နဲ့ ဆွစ်လူမျိုး မိခင်က မွေးဖွားသူ ဖြစ်ပါတယ်။
လက်ရှိမှာ မင်းသားသစ် ဘယ်သူဖြစ်မလဲ မသိရသေးသလို နောက်ထပ်ကားသစ် ဘယ်တော့ထွက်မယ်ဆိုတာလည်း မသေချာသေးပါဘူး။ ၂၀၂၁ က ဒန်နီယယ်ခရိတ်နဲ့ရိုက်တဲ့ No Time To Die က နောက်ဆုံးဇာတ်ကား ဖြစ်ပါတယ်။
Source: Reuters











