
တောင်ပံတိုက်စစ်မှူး အာမတ်ဒီယယ်လိုအနေနဲ့ ရာသီမကုန်ခင် ပြန်ကစားနိုင်လိမ့်မယ်လို့ မန်ယူ နည်းပြ အာမိုရင်က မျှော်လင့်ထားပါတယ်။
အာဆင်နယ်နဲ့ပွဲစဉ်မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ ဒီယယ်လိုရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး နည်းပြအာမိုရင်က ပြန်လည်ဖြေကြားသွားတာပါ။
ဒီယယ်လိုဟာ ပြီးခဲ့တဲ့လက အသင်းနဲ့ လေ့ကျင့်နေစဉ် ခြေချင်းဝတ်ဒဏ်ရာရခဲ့တာကြောင့် ခွဲစိတ်ကုသခဲ့ရတာပါ။
ဒဏ်ရာအခြေအနေ တိုးတက်မှုရှိတာကြောင့် ရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း၊ လက်ရှိအခြေအနေမှာ အာဆင်နယ်နဲ့ပွဲစဉ်ကိုပဲ အာရုံစိုက်ထားကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။
ဒီယယ်လိုဟာ နည်းပြအာမိုရင်လက်ထက်မှာ စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ၆ ဂိုး သွင်းယူနိုင်ခဲ့တာပါ။
နောက်ခံလူ မာတီနက်ဇ်ကတော့ အခုနှစ်ရာသီမှာ ပြန်လည်ကစားနိုင်တော့မှာမဟုတ်ဘဲ မက်ဂွဲယား၊ မေဆန်မောင့်၊ လုခ်ရှော၊ ကိုဘီမိန်နူးနဲ့ အူဂါတီတို့ကတော့ ပြန်လည်ကစားနိုင်တော့မှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။