
ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ သဘောမတူရင် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုမှာ စည်းကြပ်ခွန်အသစ်တွေ ထပ်တိုးမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က မတ် ၇ ရက် သောကြာနေ့မှာ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ ၃ နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုကို တွန်းအားပေးတဲ့အနေနဲ့ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်လုပ်ဖို့ စဉ်းစားနေကြောင်း သမ္မတ ထရမ့်ပ်က သူ့ရဲ့ ထရုသ် လူမှုမီဒီယာအကောင့်မှာ ပို့စ်တင်ထားတာပါ။
‘ရုရှားဟာ အခု စစ်မြေပြင်မှာ ယူကရိန်းကို လုံးလုံးလျားလျား နှိပ်စက်နေတယ်ဆိုတဲ့အချက်ကို အခြေခံပြီးတော့ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် နောက်ဆုံးဖြေရှင်းရေး သဘောတူညီချက်ကို ရရှိနိုင်တဲ့အချိန်အထိ ရုရှားအပေါ် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှုတွေ၊ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေနဲ့ အခွန်စည်းကြပ်မှု အကြီးစားတွေကို ပြင်းပြင်းထန်ထန် စဉ်းစားနေပြီ။ ရုရှားနဲ့ ယူကရိန်းတို့ အချိန်မနှောင်းခင် အခုပဲ စားပွဲဝိုင်းကို အရောက်သွားကြပါ’ လို့ ရေးသားထားတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံကနေ အမေရိကန်ကို သွင်းကုန်တွေဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ်လာ ၂၉ ဒသမ ၆ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ် ပထမ ၁၁ လ အတွင်းမှာ ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီးတော့ သွင်းကုန်စာရင်းမှာ ရုရှားက အောက်ကိုထိုးကျသွားခဲ့ပါတယ်။
အမေရိကန်ဟာ ၂၀၁၄ ခုနှစ်မှာ ၁၃ ဒသမ ၅ ဘီလီယံဒေါ်လာတန်ဖိုးရှိတဲ့ ရုရှား ရေနံထွက်ကုန်တွေကို တင်သွင်းခဲ့ပေမယ့် ယူကရိန်းစစ်ပွဲနဲ့ ဆက်နွှယ်တဲ့ ပိတ်ဆို့အရေးယူမှုတွေအပြီးမှာတော့ သုညအထိ ကျဆင်းသွားခဲ့ပါပြီ။
၂၀၂၃ ခုနှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံတန်ဖိုးရှိတဲ့ စိုက်ပျိုးရေးသုံး ရုရှား ဓာတ်မြေသြဇာ အများအပြားကို အမေရိကန်က တင်သွင်းနေဆဲဖြစ်တဲ့အပြင် နျူကလီးယားစွမ်းအင် အသုံးပြုမှုအတွက် ယူရေနီယမ်နဲ့ မော်တော်ယာဉ်ဓာတ်ပစ္စည်းတွေ ကူးပြောင်းတဲ့ ကိရိယာမှာ အသုံးပြုတဲ့ ပါလက်ဒီယမ်နဲ့ ရိုဒီယမ်တို့ တခုချင်းစီရဲ့တန်ဖိုးက ဒေါ်လာ ၁ ဘီလီယံကျော်ရှိပါတယ်။
Source:Reuters