
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေ Online Shop ရောင်းတာ၊ မြန်မာထုတ်ကုန်ရောင်းတဲ့ ဆိုင်တွေအထိ စစ်ဆေးဖမ်းဆီးတာတွေ ခပ်စိပ်စိပ် ရှိလာတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်မှာ မြန်မာထုတ်ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ Live လွှင့် ရောင်းချတဲ့ လက်ကားဆိုင်တဆိုင်ကို ပြီးခဲ့တဲ့ မတ် ၃ ရက်က ထိုင်းအာဏာပိုင်တွေ ဝင်ရောက် စစ်ဆေးပြီး ဆိုင်ကို ဖမ်းဆီး ပိတ်သိမ်းခဲ့တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေဆီက သိရပါတယ်။
အဲဒီဆိုင်ဟာ မြန်မာစားသောက်ကုန်၊ အဝတ်အထည်နဲ့ လူသုံးကုန်တွေကို အွန်လိုင်းကနေ Live လွှင့် ရောင်းတဲ့ဆိုင်ဖြစ်ပြီး ထိုင်းနိုင်ငံသားနဲ့ လက်ထပ်ထားတဲ့ မြန်မာနိုင်ငံသား မွန်အမျိုးသမီး ဦးစီးလုပ်ကိုင်တယ်လို့ သိရပါတယ်။
ထိုင်းမှာ ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြားသားနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စစ်ဆေးအရေးယူဖို့ ထိုင်းရဲချုပ်အမိန့် ထုတ်ပြန်ပြီးနောက်မှာ အခုလို စစ်ဆေး ဖမ်းဆီးတာတွေ ခပ်စိပ်စိပ် ရှိလာတယ်လို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
AAC အလုပ်သမားအရေး လုပ်ဆောင်သူ ကိုရဲမင်းက “အွန်လိုင်းရှော့ပင်း ရောင်းတဲ့သူတွေကို အိမ်တွေထဲမှာ ဝင်ရောက် ဖမ်းဆီးတာတွေထိ ခပ်စိပ်စိပ် တွေ့လာရတယ်။ ဒါကတော့ သူ့နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းလို့ ပြောလို့ရသလို ပိုပြီး တင်းကျပ်လာတာ။ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို အလုပ်ကြမ်းတွေပဲ လုပ်စေချင်တာ၊ အနိမ့်ဆုံး အလုပ်တွေပဲ လုပ်စေချင်တာ။ ကျန်တဲ့ ကောင်းမွန်တဲ့ လုပ်ငန်းတွေမှာ မလုပ်စေချင်တဲ့ ပုံစံမျိုးလည်း ရှိတယ်။ အဓိကတော့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက သူ့နိုင်ငံမှာ သူသတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ နေရမှာပဲ။ သူ့နိုင်ငံရဲ့ ဥပဒေအတိုင်း လုပ်တာကိုတော့ လက်ခံရမှာပဲ” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ ဥပဒေအရ မြန်မာစားသောက်ကုန်၊ ဆေးပေါ့လိပ်အမျိုးမျိုး၊ လက်ဖက်နဲ့ စားစရာအမျိုးမျိုးကို ထိုင်းနိုင်ငံရဲ့ အစားအသောက် ကွပ်ကဲရေးဌာနရဲ့ ခွင့်ပြုချက် မရှိဘူးဆိုရင် အနိမ့်ဆုံး ထောင်ဒဏ် ၃ လ၊ ဒဏ်ငွေ ဘတ် ၁ သောင်းကနေ ၁ သိန်းအထိ၊ သို့မဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ကျခံနိုင်ရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ကိုင်ခွင့် ကန့်သတ်ထားတဲ့ အလုပ် ၂၇ မျိုးရှိပြီး အဲဒီထဲမှာ ပွဲစားအလုပ် အပါအဝင် ဆံပင်ညှပ် အလှပြင်၊ ထိုင်းရိုးရာအနှိပ်၊ ဧည့်လမ်းညွှန်၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်ရတနာ၊ ဈေးဆိုင်ဖွင့်လှစ်တာ စတဲ့အလုပ်တွေ ပါဝင်ပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “စူရတ်ဌာနီခရိုင်ထဲက ဈေးဆိုင်တွေနဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ မြန်မာအများဆုံးနေတဲ့ မြို့တွေရဲ့ ဈေးဆိုင်တွေမှာ ဖမ်းတယ်။ အွန်လိုင်းရှော့ပင်း ရောင်းတာတွေ ဖမ်းသလို၊ မြန်မာထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဆေးလိပ်တွေ၊ လက်ဖက် အပါအဝင် မြန်မာစားစရာပေါင်းစုံ တည်ခင်း ရောင်းချသူတွေကို ဖမ်းတာ။ အရေအတွက်ကတော့ ၁၀ ယောက်မက ရှိသွားပြီ။ ဘာပဲပြောပြော ဈေးဆိုင်တည်ခင်း ရောင်းချခြင်းဆိုတဲ့ ထိုင်းဥပဒေအရ တားမြစ် ကန့်သတ်ထားတဲ့ အလုပ် ၂၇ မျိုးထဲမှာ ပါဝင်တာ ဖြစ်တဲ့အတွက် ဈေးဆိုင်ပဲ တည်ခင်းရောင်းချရောင်းချ၊ အွန်လိုင်းကပဲရောင်းရောင်း ဖမ်းတာဖြစ်တယ်။ ထိုင်းနိုင်ငံ အလယ်ပိုင်းမှာလည်း အဖမ်းဆီးရှိသလို ထိုင်းနိုင်ငံမြောက်ပိုင်း မဲဆောက်တို့မှာလည်း ဒီလို လမ်းဘေးဆိုင်တွေကို အရေးယူတာ ရှိတယ်” လို့ ပြောပါတယ်။
နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေ ကန့်သတ်အလုပ်တွေမှာ လုပ်ကိုင်နေတာ တွေ့ရင် ဒဏ်ကြေး အမြင့်ဆုံး ဘတ် ၅၀,၀၀၀ အပြင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ၂ နှစ် ပိတ်သိမ်းအရေးယူမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၁ ရက်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ကန်ချနဘူရီကို လာရောက်လည်ပတ်တဲ့ မြန်မာခရီးသည်တွေနဲ့အတူ မြန်မာဧည့်လမ်းညွှန် ၃ ယောက် စစ်ဆေး ဖမ်းဆီးခံခဲ့ရပါတယ်။
ဇွဲသစ်