DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
March 7, 2025
ချောင်းဦးမြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် ကလေး ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းပေါ်မှာ မတ် ၄ ရက် ညနေ ၃ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့လို့ ၃ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ခရီးသွားပြည်သူ ၃ ယောက် သေဆုံးခဲ့သလို ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ချောင်းဦး ပကဖ ပြန်ကြားရေးတာဝန်ခံက “မုံရွာ-မန္တလေး လမ်းပိုင်းပေါ်က ငါးယှန်ရွာနားမှာ ဖြစ်ခဲ့တဲ့ စစ်ကားတွေကို ကြားဖြတ်တိုက်ခိုက်မှုအတွင်းမှာ စစ်တပ်ဘက်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့လို့ ကလေးငယ်တဦး အပါအဝင် ခရီးသွားပြည်သူတချို့ ထိခိုက်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါနေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ သံပြားကာစစ်ကား ၂ စီးဟာ မုံရွာမြို့ဘက်ကနေ ချောင်းဦးမြို့ကို ဖြတ်ပြီး မြင်းမူမြို့ဘက်ကို မောင်းနှင်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က စက်တပ်လေထီးတွေ အသုံးပြုပြီး ဗုံးကြဲချကာ လေကြောင်းပစ်ကူပေးခဲ့တဲ့အတွက် ဗုံးစထိမှန်ပြီး ၃ နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် ခရီးသွားပြည်သူ ၃ ယောက် သေဆုံးခဲ့သလို ၂ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

ချောင်းဦးမြို့နယ် ပကဖ တာဝန်ခံ ကိုဖီးနစ်က “တိုက်ပွဲဖြစ်နေတာကို သိသိကြီးနဲ့ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ နတ်ရေကန်ရွာနားက မြပုလဲဂိတ် အထိုင်စခန်းကကောင်တွေက မန္တလေးဘက်ကနေ မုံရွာဘက်ကိုထွက်လာတဲ့ ကောင်းကင်ယံ ခရီးသည်ကားပေါ်ကို တက်လိုက်လာကြပြီးတော့ ခရီးသည်တွေကို အကာအကွယ်ယူပြီး တိုက်ပွဲဧရိယာထဲကို ဖြတ်မောင်းခိုင်းတယ်။ တိုက်ပွဲဖြစ်တဲ့နေရာ ရောက်ခါနီးတော့မှ သူတို့က ကားပေါ်ကနေ ဆင်းနေခဲ့ပြီး ကားကို ကျနော်တို့ရှိတဲ့ဘက် ဆက်မောင်းခိုင်းတာ။ အဲဒီကား ကျနော်တို့ဘက်ရောက်လာတော့မှ ကားပေါ်က ခရီးသည် အယောက် ၃၀ လောက်ကို ဆင်းခိုင်းပြီး လမ်းဘေးမှာ ဝပ်နေခိုင်းခဲ့ရတာဗျ။ ခရီးသည်တွေ ဝပ်နေတဲ့နေရာကို သူတို့ဘက်က စက်တပ်လေထီးနဲ့ ဗုံးလာကြဲလို့ ဗုံးစထိပြီး ခရီးသွားပြည်သူတွေ အခုလို သေဆုံးခဲ့ရတာပါ။ ကလေးငယ်လေးကတော့ ဆေးရုံရောက်မှ ဆုံးသွားခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

သေဆုံးခဲ့ကြသူတွေဟာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတယောက်၊ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတယောက်၊ သူ့ရဲ့သမီးဖြစ်တဲ့ ၃ နှစ်အရွယ် သမီးငယ်တယောက်တို့ ဖြစ်ကြပြီး အသက် ၄၀ အရွယ် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့လည်း ထိခိုက်ဒဏ်ရာရသွားပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ဘက်က စက်တပ်လေထီးတွေနဲ့ ၂ ကြိမ် ဗုံးကြဲချခဲ့သလို ငါးယှန်ကျေးရွာအနီးက မြပုလဲဂိတ်မှာ တပ်စွဲနေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘက်ကလည်း ၁၀၆ မမနဲ့ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ဒုဗိုလ်တယောက် အပါအဝင် ၁၇ ယောက် သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ သံပြားကာကား ၂ စီး၊ MA1 သေနတ် ၄ လက်၊ MA3 သေနတ် တလက်၊ MA11 သေနတ် ၃ လက်၊ G3 သေနတ် တလက်၊ G1 သေနတ်  တလက်၊ 60 mm စိန်ပြောင်း တလက်၊ Lala သေနတ် တလက်၊ ကျည်ဘောက်မျိုးစုံ ၂၂ ခု သိမ်းဆည်းရရှိကာ သံပြားကာကား ၂ စီးကိုတော့ မောင်းနှင်လို့မရတော့တဲ့အတွက် မီးရှို့ဖျက်ဆီးခဲ့​ကြပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်တယောက် မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပကဖ ဆီကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ ပူးတွဲ တာဝန်ထမ်းဆောင်နေကြတဲ့ ယင်းမာပင်မြို့နယ် ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း၊ B21 တပ်ရင်း၊ ရတနာပုံ၊ Chindwin Brother၊ Bandula Defence Force (ဘုတလင်)၊ Three Brothers Force (ကနီ)၊ Special Force 11၊ Immortal Guerrilla Force၊ Sagaing District Drone Team (SDDT) တို့အပြင် SRC (Spring Revolution Clinic) က ဆေးဘက်ဆိုင်ရာ အကူအညီပေးခဲ့ပြီး ရင်းမြစ်လေကြောင်းအထိုင်ကနေလည်း လေကြောင်းကင်းထောက်တာတွေ ကူညီဆောင်ရွက်ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေအတွင်း ဘယ်အဖွဲ့အစည်းရဲ့ ပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတွေ သေဆုံးဒဏ်ရာရရှိခဲ့မှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးမှုတွေအပေါ် DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013