DVB Logo
Home
မြန်မာသတင်း
လိမ္မော်စိုက်ခင်းများတွင် ပိုးမွှားကျရောက်သည့်အတွက် တောင်သူများ စိုးရိမ်
DVB
·
March 6, 2025
လိမ္မော်စိုက်ခင်းများတွင် ပိုးမွှားကျရောက်သည့်အတွက် တောင်သူများ စိုးရိမ်
Donate to DVB

မြန်မာ့လိမ္မော်ဈေးကွက် အခွင့်အလမ်းကောင်းတွေ ရှိနေပေမဲ့ ဘက်တီးရီးယားရောဂါဖြစ်တဲ့ ရှောက်သံပရာကင်ကာရောဂါကို နှိမ်နင်းနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ လိမ္မော်စိုက် တောင်သူတွေက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဘော်နယ်ရေဦးမှာရှိတဲ့ လင်းဝေး၊ အင်းကြီး၊ ငွေတောင်၊ ကျောက်ငှက် စတဲ့ကျေးရွာတွေဟာ လိမ္မော်အကြီးအကျယ်ထွက်တဲ့ ဒေသတွေ ဖြစ်ပါတယ်။  အခုတော့ လက်ဖက်နဲ့ လိမ္မော် ရောနှောစိုက်ပျိုးတဲ့ သီးနှံခင်းတွေမှာ လိမ္မော်ပင်တွေ မရှိတော့သလို တချို့အခင်းတွေမှာလည်း အပင်ကြီးအရွယ်စား တညီတည်းရှိမနေဘဲ အစားထိုးစိုက်ပျိုးထားတဲ့ အပင်ငယ်တွေကိုလည်း တွေ့ရပါတယ်။

ဒါဟာ မြန်မာလို ရှောက်သံပရာကင်ကာရောဂါ (Citrus Canker) ကြောင့် လိမ္မော်ပင်တွေ သေဆုံး ပျောက်ကွယ်သွားတာဖြစ်ပြီး နောက်မျိုးဆက်တွေအတွက် လိမ္မော်တောင်သူတွေ စိုးရိမ်နေကြပါတယ်။

လင်းဝေးကျေးရွာမှ လိမ္မော်စိုက်တောင်သူ ဦးဘိုကြီးက “စိုးရိမ်မှုကတော့ အများကြီးပေါ့။ ဘာလို့တုံးဆို ကျနော်တို့က လိမ္မော်တမျိုးတည်း အားကိုးတာဆိုတော့ လိမ္မော်မရှိတော့ အားကိုးရာ မရှိတော့သလို ဖြစ်သွားတာပေါ့။ ဘာတုံးဆိုတော့ လိမ္မော်မရှိတော့ဘူးဆိုရင် ဟိုဟာလုပ်ရမလို၊ ဒီဟာလုပ်ရမလို ယောင်တောင်တောင် ဖြစ်သွားတာပေါ့။ အဲဒါ လိမ္မော်ကလည်း ဘယ်လိုတုံးဆိုရင် အရင်က ပြီးခဲ့တဲ့ ၁၅ နှစ်လောက်ကနဲ့ အခုနဲ့ မတူတော့ဘူ။ ရာသီဥတုလည်း မတူတော့ဘူး။ ရာသီဥတုကလည်း ဖောက်၊ ရာသီဥတုဖောက်သလိုပဲ မြေတွေကလည်း ပိုးမွှားတွေက မြေပိုးလည်း များတာပဲ၊ အပင်ဖျက်ပိုးလည်း များတာပဲ။ အဲလိုဖြစ်တော့ မနိုင်တော့ဘူး။ နည်းပညာမရဘူး။ နည်းပညာမရတော့ ကိုယ့်ဟာနဲ့ကိုယ် မှန်းပြီးတော့ ထင်သလိုလုပ်တော့ ဒါနဲ့ပဲ ပျက်ကုန်ခဲ့တာပဲ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်ဝန်းကျင်က DVB ရဲ့ ခေတ်သစ်လယ်ယာအစီအစဥ်မှာ ဘောနယ်ရေဦးဒေသက လင်းဝေး၊ အင်းကြီး စတဲ့ကျေးရွာတွေဆီ သွားရောက်ပြီး လိမ္မော်စိုက်ပျိုးထုတ်လုပ်မှုနဲ့ ပတ်သက်လို့ သွားရောက်ရိုက်ကူးခဲ့ကြပါတယ်။ အဲဒီအချိန်မှာလည်း တောင်သူတွေ စိုးရိမ်နေကြတဲ့ ကင်ကာရောဂါ ကျရောက်နေတာဖြစ်ပေမဲ့ လက်ရှိအချိန်ထိ ကာကွယ်နှိမ်နင်းနိုင်တာ မရှိပါဘူး။

စိုက်ပျိုးရေးလုပ်ငန်းအောင်မြင်ဖို့ မြေ၊ မျိုး၊ ပိုး ဆိုတဲ့ မြေဆီလွှာကောင်းမွန်ဖို့၊ သီးနှံမျိုးစေ့ ကောင်းမွန်ဖို့၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းဖို့က အရေးကြီးကြောင်း စိုက်ပျိုးရေးဦးစီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

ဘက်စုံသီးနှံကာကွယ်ရေးစနစ် (IPM) ကို အပင်တွေမှာကျင့်သုံးဖို့ စိုက်ပျိုးရေးဦးစီးဌာနက ဒေသရေမြေနဲ့ သင့်တော်မယ့် နည်းလမ်းတွေကို ရှာဖွေကြရမှာဖြစ်ပြီး နောက်ဆုံးအခြေအနေကို ရောက်မှသာ ဓာတုဆေးဝါးတွေကို အသုံးပြုကြရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကင်ကာအတွက် တခြား ဘက်စုံသီးနှံကာကွယ်ရေး နည်းလမ်းတွေ မရှိတဲ့အတွက် ဓာတုဆေးတွေကိုပဲ အသုံးပြုနေကြတာ ဖြစ်ပါတယ်။

လတ်တလော လိမ္မော်စိုက်ပျိုးထုတ်လုပ်မှု အခြေအနေနဲ့ပတ်သက်ပြီး ဘော်နယ်ရေဦးက ထိပ်တန်းလိမ္မော်ပညာရှင် ဦးခင်မောင်ဇော်က ရှင်းပြပါတယ်။

“တောင်သူကတော့ လတ်တလော ခုန ဘတ်တီးရီးယားဆေးတွေ မရှိတော့ဘူး။ ကုမ္ပဏီတွေမှာ ပြတ်တောက်နေတယ်။ အဲဒီဆေးတွေ ပြတ်တောက်ရင် ခုနရောဂါတွေက မနိုင်ဘူး။ အဲဒီဆေးတွေကြောင့် ပြန်ပြီးထွက်လာတာ။ ဟိုတလောက ဘက်တီးရီးယား ကင်ကာကြောင့် ဖြစ်တာဆိုတော့ ဒီ ကင်ကာကြောင့် ဆိုတော့ အဲဒီအချိန်မှာ ကင်ကာကို သတ်တဲ့ဆေးတွေ ကုမ္ပဏီက တင်သွင်းပေးတယ်။ တောင်သူတွေက အသုံးတည့်ပြီးတော့ လိမ္မော်သီး ထွက်လာတယ်။ အခု ဒီနှစ်အနေထားက အဲဒီဆေးတွေ ပြတ်တောက်နေတယ်။ ဈေးကွက်မှာ မရှိဘူး။”

အခုနှစ် လိမ္မော်ရာသီအတွက် အပင်ပြုပြင်ချိန်မှာ ကင်ကာရောဂါကို ကာကွယ်နိုင်လိုက်တဲ့အတွက် ရှင်သန်နေဆဲ အပင်တွေမှာ လိမ္မော်အထွက်ကောင်းခဲ့သလို ဈေးကွက်လည်း ကောင်းခဲ့ပါတယ်။

လိမ္မော်တပိဿာကို ပေါ်ဦးပေါ်ဖျား၊ လှိုင်လှိုင်ပေါ်ချိန်နဲ့ လိမ္မော်ကုန်ချိန်အထိ ကျပ် ၉,၀၀၀၊ ကျပ် ၆,၀၀၀ နဲ့ ကျပ် ၁၀,၀၀၀ အထိ ရရှိခဲ့ပါတယ်။ ဒီဈေးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ စံချိန်တင် အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် တောင်တန်းဒေသနေ ပြည်သူတွေ အားထားကြတဲ့ လိမ္မော်သီးနှံကရတဲ့ ဝင်ငွေ တည်ငြိမ်လာဖို့က ပိုးမွှားရောဂါကာကွယ်နိုင်ဖို့အပြင် လွန်ခဲ့တဲ့ ၈ နှစ်တာကာလကအတိုင်း မပြောင်းမလဲရှိနေတဲ့ လမ်းအရည်အသွေးတွေကိုလည်း ပြုပြင်ပေးဖို့လိုအပ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

အင်းကြီးကျေးရွာ လိမ္မော်တောင်သူ ဦးကျော်ဝင်းက “ရှောက်သံပရာ ကင်ကာရောဂါရ အသီးတွေဟာ စားသုံးဖို့အတွက် ဖြစ်နိုင်ပေမဲ့လည်း ဈေးကွက်အတွင်း အသီးမလှတာကြောင့် တန်ဖိုးလျော့ကျတာ၊ ရောင်းတန်းမဝင်တာတွေ ဖြစ်စေပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လိမ္မော်စိုက်ဧက ၁၁,၀၀၀ ကျော်ရှိပြီး ရပ်စောက်၊ ရွာငံ၊ ပင်လောင်း၊ ကလောမြို့နယ် ပလောင်တောင်ကျေးရွာ၊ ကျောက်တလုံးကြီးနဲ့ ထီခေါင်းကျေးရွာတွေက လိမ္မော်ကို အဓိကစိုက်ပျိုးကြတယ်လို့ လိမ္မော်စိုက်တောင်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013