DVB Logo
Home
မြန်မာသတင်း
အိန္ဒိယရောက် မြန်မာစစ်ဘေးရှောင်များ စိတ်ပိုင်း ရုပ်ပိုင်း ခြိမ်းခြောက်ခံနေရ
DVB
·
March 5, 2025
အိန္ဒိယရောက် မြန်မာစစ်ဘေးရှောင်များ စိတ်ပိုင်း ရုပ်ပိုင်း ခြိမ်းခြောက်ခံနေရ
Donate to DVB

အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေရှိသလို လုပ်အား ခေါင်းပုံဖြတ်ခံရတဲ့ အခြေအနေတွေ ဖြစ်နေတာကို ရပ်တန့်ပေးဖို့ India For Myanmar အဖွဲ့က အိန္ဒိယအစိုးရကို တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ နိုင်ငံရေးတည်ငြိမ်မှုမရှိသေးချိန်မှာ အိန္ဒိယအာဏာပိုင်တွေက စစ်ကောင်စီလက်ထဲကို ပြန်ပို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာကြောင့် ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ထိခိုက်မှုတွေ ခံစားနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဖေဖော်ဝါရီလနှောင်းပိုင်းကလည်း နယူးဒေလီမြို့က ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်းမှာ ဝတ်ပြုနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့ပြီး UNHCR ယာယီကတ် မရှိရင် ဖမ်းဆီး ထောင်ချပြီး မြန်မာဘက်ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

နယူးဒေလီမြို့မှာ မြန်မာစစ်ဘေးဒုက္ခသည် ၁၀၀၀၀ ဝန်းကျင်ရှိပြီး သူတို့ဟာ အလုပ်အကိုင် ရရှိဖို့ခက်ခဲတာနဲ့ အလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်ခံရပြီး လုပ်အားခ မရရှိတာတွေ ကြုံနေရတယ်လို့ ဒေလီမှာ နေထိုင်တဲ့ စစ်ဘေးရှောင်တယောက်က ပြောပါတယ်။

“ဒီမှာတော့ ငါတို့က ဒုက္ခသည်လို့ ပြောတာနဲ့ ခွဲခြားခံရတာတွေ အနည်းအကျဥ်းတော့ ရှိပါတယ်။ အဲဒါကြောင့် လစာမရတာလည်း ငါတို့ ဒုက္ခသည်ဖြစ်လို့ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ လစာမပေးရတဲ့ အကြောင်းအရင်းကလည်း ငါတို့မြန်မာပြည်သားဖြစ်လို့ အဲဒီလိုမျိုး အခက်အခဲတွေ ရှိတယ်။ များသောအားဖြင့်တော့ ဒီမှာ ဒုက္ခသည်ကတ်နဲ့ပဲ နေတာ၊ အလုပ်ဝင်တဲ့အချိန်မှာ ဆိုရင်တော့ ဒုက္ခသည်က သူတို့က အသိအမှတ်မပြုတော့ပြန်ဘူးလေ။ အဲဒီအခါကျတော့ အိန္ဒိယ ID ကတ်အတုပဲ လုပ်ပြီးမှ ဒီမှာ အလုပ်ဝင်လို့ရအောင်လေ၊ ဆောက်လုပ်ရေးမှာ ဆိုရင်‌တော့ ဒုက္ခသည်ကတ်နဲ့ အလုပ်ဝင်လို့မရဘူး။”

မြန်မာနိုင်ငံက ပြည်သူတွေဟာ အိန္ဒိယဘက်ကို စစ်ရှောင်ကာလ ၄ နှစ်ကျ်ောကြာလာပေမဲ့ အကူအညီမဲ့ဖြစ်နေပြီး  ပိုမိုကျပ်တည်းတဲ့ အခြေအနေတွေကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေက ပြောကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၂၅၀ ကျော်ဟာ မဏိပူရ်ပြည်နယ်နဲ့ အာသံပြည်နယ်တွေမှာ ထောင်ချခံခဲ့ရပြီး အဲဒီထဲက ၁၁၅ ယောက်ကို မဏိပူရ်ပြည်နယ်အစိုးရက မြန်မာစစ်ကောင်စီထံ လွှဲပြောင်းပေးခဲ့ပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက တယောက် ထောင်ထဲမှာ အသက်ဆုံးရှုံးခဲ့ပြီး နာတာရှည်ရောဂါသည် ၁၀ ယောက်ထက်မနည်းဟာလည်း ကျန်းမာရေးဆိုးရွားနေတယ်လို့ သိရပါတယ်။

အကျဥ်းချခံထားရတဲ့ စစ်ဘေးရှောင်တွေဟာလည်း ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ခံပြီးဖြစ်ပေမဲ့ နှစ်ချီ ဆက်လက်ထိန်းသိမ်းခံထားရပြီး လွတ်မြောက်ခွင့်မရဘဲ မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ မဏိပူရ်နဲ့ အာသံပြည်နယ် အစိုးရတွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

India For Myanmar  အဖွဲ့မှ ဆလိုင်းဒိုခါရ်က  “အိန္ဒိယနိုင်ငံကို ‌ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ တော်တော်များများက နိုင်ငံတကာ အကူအညီလည်း မရရှိကြဘူး‌၊ တော်တော်လေး ခက်ခက်ခဲခဲနဲ့ ရုန်းကန်ကြရတယ်။ သက်ဆိုင်ရာ အစိုးရတွေရဲ့ တာဝန်ရှိတဲ့သူတွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံ‌ရေးထိခိုက်မှုဖြစ်စေတဲ့ မြန်မာပြည် ပြန်ပို့မယ်ဆိုတာတွေ မကြာခဏ ခြိမ်းခြောက်မှု ရှိလာတယ်။ ဒေလီ ရောက်နိုင်မှပဲ သူတို့ကထုတ်ပေးတာ။ အဲဒီအပေါ်မှာလည်း မေးခွန်းထုတ်နေတာပေါ့။ UNHCR ကို ဘာလို့ဆို တချို့ UNHCR ကတ်လုပ်ဖို့ လာတဲ့ လမ်းမှာတင် အဖမ်းခံရပြီး‌ ထောင်ကျတာတွေ မနည်းတော့ဘူး။ ဖြစ်နိုင်ရင်တော့ အိန္ဒိယနိုင်ငံကို ဝင်လာတဲ့သူအားလုံးကို UNHCR က ဒုက္ခသည်ကတ် ထုတ်ပြီးတော့မှ စနစ်တကျပြုစုတဲ့ ဟာမျိုးလေးတွေ ဖြစ်စေချင်တာပေါ့”လို့ ပြောပါတယ်။

အိန္ဒိယဘက် ရောက်ရှိနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တမူးမြို့နယ်နဲ့ ကလေးမြို့နယ်တို့က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။ 

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013