ယူကရိန်းတပ်ဖွဲ့သုံး ဒရုန်းတွေအတွက် Stone Cloak လို့ခေါ်တဲ့ အီလက်ထရောနစ် စစ်ဆင်ရေးနည်းပညာသစ်ကို မျှဝေပံ့ပိုးသွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ်သစ် အန်ဒီဘန်နမ်က ကြေညာလိုက်ပါတယ်။
တက်ဘလက် အရွယ်အစားသာရှိတဲ့ ဒီ Stone Cloak စက်ဟာ တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ရန်သူရဲ့ ရေဒါနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ခြေရာမခံနိုင်အောင် တားဆီးပေးနိုင်ပါတယ်။
ဒါကြောင့်လည်း ဖောက်ထွင်းမရနိုင်အောင် ခိုင်ခံ့တဲ့ ကျောက်ဆောင်ဝတ်ရုံ (Stone Cloak) လို့ တင်စားခေါ်ဝေါ်တာ ဖြစ်ပါတယ်။
ဒီအကြောင်းကို ဇူလိုင် ၂၇ ရက်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ မတွေ့ဆုံခင် ကြိုတင်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဇလန်းစကီးဟာ ဘန်နမ် ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံး လာရောက်တွေ့ဆုံတဲ့ နိုင်ငံတကာခေါင်းဆောင် ဖြစ်လာပြီး ခေါင်းဆောင် ၂ ယောက်ဟာ ဗြိတိန်ရေတပ်စခန်းတခုကို အတူသွားရောက်ကြမှာပါ။
“ဗြိတိန်ဟာ ယူကရိန်းနဲ့အတူ ရပ်တည်နေတယ်ဆိုတဲ့ ကျနော်တို့ရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ရုရှားအနေနဲ့ သံသယဝင်စရာမရှိသလို ယူကရိန်းအတွက် ရေရှည်တည်တံ့ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေးမရမချင်း နောက်ဆုတ်မှာမဟုတ်ဘူး” လို့ ဘန်နမ်က ဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေရဲ့ ဒရုန်းစစ်ဆင်ရေးတွေ အားကောင်းလာစေဖို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီစက်ကိရိယာ ထောင်ပေါင်းများစွာကို ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။
အဲဒီစနစ်ကို နောက်ပိုင်းမှာ Project Brakestop လို့ခေါ်တဲ့ ဗြိတိန်ရဲ့ မျိုးဆက်သစ် တာဝေးပစ် ခရုဇ်ဒုံးကျည် စီမံကိန်းတွေမှာလည်း ထည့်သွင်းတည်ဆောက်သွားမှာပါ။
ဇူလိုင် ၂၇ ရက် ခရီးစဉ်မှာ ခေါင်းဆောင် ၂ ယောက်ဟာ ဗြိတိန်မှာ သုံးပတ်ကြာ ရေကြောင်း စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့ ယူကရိန်းစစ်သည် ၂ဝဝ ကျော်နဲ့လည်း တွေ့ဆုံသွားကြမှာ ဖြစ်ပါတယ်။
ရုရှားကျူးကျော်မှု စတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ဗြိတိန်ဟာ ယူကရိန်းကို အခိုင်အမာ ရပ်တည်ပေးခဲ့ပြီး စစ်ရေးရန်ပုံငွေအဖြစ် စတာလင်ပေါင် ၂၅ ဘီလီယံအထိ ပံ့ပိုးပေးထားပါတယ်။










