
ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဘက်ခြမ်းမှာရှိနေတဲ့ စိုက်ပျိုးမြေနေရာတွေမှာ နွေစပါးစိုက်ဖို့ပြင်နေတဲ့ စစ်ရှောင်တွေဟာ ဆည်ရေပြတ်လပ်မှုတွေနဲ့ ကြုံနေရပါတယ်။
လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲဘက်ခြမ်းက လယ်တွေမှာ နွေစပါးစိုက်ဖို့အတွက် ကရင်နီစစ်ရှောင်တွေက ပြင်ဆင်နေကြတာပါ။
စစ်ရှောင်စခန်းတွေမှာ ရိက္ခာထောက်ပံ့မှု မလုံလောက်တာတွေ အလှူရှင် ပုံမှန်မရတဲ့ အနေအထားမျိုးတွေကြောင့် ကရင်နီစစ်ရှောင်တွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲဘက်ခြမ်းက သူတို့လယ်တွေဆီမှာ နွေစပါးစိုက်ဖို့ ပြန်သွားကြပေမဲ့ လယ်စိုက်ဖို့ ရေမရတဲ့ ပြဿနာတွေ ကြုံနေရတယ်လို့ လယ်သမားတွေက DVB ကို ပြောပါတယ်။
လယ်သမားတယောက်က “လယ်သမားတွေပေါ့နော်၊ ပြီးခဲ့တဲ့မိုးက စပါးတွေတောင်မှ တချို့ကုန်အောင် မရောင်းနိုင်ဘဲနဲ့ ပိုက်ဆံမရှိတော့ လာမယ့်နွေလုပ်ဖို့အတွက်တောင် အရင်းမရှိတဲ့ လယ်သမားတွေ စရှိလာတဲ့ အနေအထားမှာရှိတယ်။ လယ်စိုက်ဖို့အတွက်က ခုနက ပြောသလို မိုးဗြဲ လက်တံမြောင်း နှစ်မြောင်းက မိုးဗြဲရဲ့ လက်၀ဲလက်တံမြောင်းက ရေကတော့ ရတယ်။ လက်ယာလက်တံမြောင်းက ပြိုသွားတယ်ပေါ့နော်။ အောက် ဒီချောင်းအ၀အစပ်လောက်မှာ ချောင်းအစပေါ့နော်၊ ရေထွက်တဲ့လမ်းမှာ ပြိုသွားတော့ ဒီဘက် လက်ယာလက်တံမြောင်းရေ မရတော့ လက်ယာလက်တံမြောင်းကို မှီခိုရတဲ့ လယ်သမားတွေ ဒုက္ခရောက်တဲ့ အနေအထားမှာ ရှိတယ်။ အခုလောလောဆယ်လယ်ကတော့ ဒီလမှာစစိုက်တဲ့ အနေအထားမှာရှိတယ်၊ ရေပြတ်တဲ့ အနေအထားမှာ ရှိတယ်” လို့ ပြောပါတယ်။
နွေစပါးအတွက် လိုအပ်တဲ့ရေကို မိုးဗြဲဆည်ကနေ ရယူရတာဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေကြောင့် မိုးဗြဲဆည်က ရေဟာ စိုက်ကွင်းအားလုံးဆီ မရောက်တော့တာပါ။
လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဆည်ရေပေးနေတဲ့ လက်၀ဲ လက်ယာ လက်တံမြောင်းမှာ လက်ယာ လက်တံမြောင်းက ပြိုနေတာဖြစ်ပြီး နွေစပါးစိုက်ဖို့အတွက် ရေမလုံလောက်တဲ့အပြင် စိုက်ပျိုးဖို့ ကုန်ကျစရိတ်တွေက အရင်ထက် မြင့်တက်သွားတဲ့အတွက် စစ်ရှောင်တွေ လယ်စိုက်ဖို့ အကူအညီလိုအပ်နေကြပါတယ်။
လယ်သမားတယောက်က “နွေရာသီအခါကျတော့ ရေက အခက်အခဲဖြစ်တယ်။ အဲဒီတခုရယ် ပြီးတော့ ပြန်မလုပ်တာကြာတော့ မြေက မြေရိုင်းဖြစ်သွားပြီး ပြန်ထွန်ရတယ်၊ ပြန်ထွန်တဲ့အခါကျတော့ အရင်းအနှီး ပိုပြီးတော့ကုန်တယ်” လို့ ပြောပါတယ်။
ကရင်နီဒေသဟာ ပြီးခဲ့တဲ့နှစ် ရေဘေးကြောင့် စပါးခင်းဧက ၇,၀၀၀ ကျော် ပျက်စီးခဲ့ပြီး အခုအချိန်အထိ ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးစေ့နဲ့ ငွေကြေးပိုင်းဆိုင်ရာ ပြတ်လပ်မှုတွေ ကြုံတွေ့နေရဆဲပါ။
မိုးစပါးမှာ ရေကြီးနေခဲ့ပြီး နွေစပါးမှာ ရေမရတဲ့ဒဏ်တွေကြောင့် စစ်ရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုတွေလည်း စတင်ကြုံတွေ့နေရပါတယ်။
မောရစ်