DVB Logo
Home
မြန်မာသတင်း
သာပေါင်းမြို့နယ်ရှိ ကာကင်းစခန်းကို AA သိမ်းပိုက်၊  ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲ ပြင်းထန်
DVB
·
March 5, 2025
သာပေါင်းမြို့နယ်ရှိ ကာကင်းစခန်းကို AA သိမ်းပိုက်၊  ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲ ပြင်းထန်
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အခြေစိုက်  အမှတ် ၃၀၈ ခြေမြန်တပ်ရင်းက စခန်းချထားတဲ့ ကာကင်းစခန်းကို မတ် ၃ ရက်က အာရက္ခတပ်တော် (AA) ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သာပေါင်းမြို့ခံတယောက်က “မတ်လ ၃ ရက်နေ့က ၃၀၈ ထိုင်တဲ့ ရှေ့တန်းကာကင်းစခန်း ကျသွားတယ်လို့ပြောသံကြားတယ်။ စစ်ရေးသတင်းဆိုတော့ ထုံစံအတိုင်းပဲ လျှို့ဝှက်ထားမှာပေါ့။ ပုသိမ်မြို့မှာ ရခိုင်နယ်စပ်ဘက်က ဒဏ်ရာရထားတဲ့ စစ်သားတွေ သေတာတောင် ခိုးပြီး မီးသင်္ဂြိုဟ်တာပါ သိထားတယ်” လို့ DVB ကို ပြောပါတယ်။

ဧရာဝတီတိုင်းထဲက အိမ်မဲ၊ မြောင်းမြ၊ ကျုံပျော် တပ်ရင်းတွေဘက်ကနေ Faw ကားတွေနဲ့ စစ်ကူတွေပို့နေပြီး ကျုံပျော်မြို့အခြေစိုက်တပ်ဖြစ်တဲ့ ခလရ ၃၆ တပ်ရင်းကနေ စက်တပ်လေထီးတွေကိုပါ ပို့နေတာတွေ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။

အရပ်ကားတွေ ချောဆွဲပြီး တပ်သားသစ်တွေ သာပေါင်းမြို့ထဲကနေ ပို့နေတာဆိုတော့ စစ်တပ်ဘက်က အထိနာနေတဲ့သဘောရှိပြီး တိုက်ပွဲတွေ ပြင်းထန်နေတာတော့ သေချာပြီး ဒီရက်ထဲ စက်တပ်လေထီးတွေ ပျံတက်တာ တောက်လျှောက်ရှိကြောင်း၊ တရက်ကို ၂ စီး၊ ၃ စီး ပျံတာ တွေ့ရတယ်လို့ ကျုံပျော်မြို့ ဒေသခံတယောက်က ပြောပါတယ်။

သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က စစ်ကောင်စီလက်အောက်ခံ သစ်တောဝန်ထမ်းတွေနဲ့အတူ ဆင်အကောင်ရေ ၁၀၀ ကျော်ကို ငပုတောမြို့နယ်ဘက်မှာရှိတဲ့ မြစ်တရာ သစ်ထုတ်လုပ်ရေးစခန်းကို အရေးပေါ် ပြောင်းရွှေထားတယ်လို့ ငပုတောဒေသခံတွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်း စတဲ့ တိုင်း ၃ ခုမှာ စစ်ကောင်စီက ထိုးစစ်ဆင် တိုက်ခိုက်လာနေတဲ့အတွက် စစ်ကောင်စီနဲ့ AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီဟာ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်နဲ့ ရခိုင်-ဧရာဝတီတိုင်း အစပ်ရှိ ရခိုင်ရိုးမ ဆင်ခြေလျှောတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်လာနေတာကြောင့် တိုက်ပွဲတွေဟာ ပြင်းထန်နေဆဲ ဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

“ပဲခူးနဲ့ ရခိုင်အစပ်၊ မကွေးနဲ့ ရခိုင်အစပ်၊ ပြီးရင် ဧရာဝတီ-ရခိုင်ပေါ့၊ အဲဒီအစပ်နေရာတွေမှာ အထူးသဖြင့် ရခိုင်ရိုးမရဲ့ ဆင်ခြေလျှောနေရာတွေမှာ စစ်ကောင်စီဘက်က သူတို့ ထိုးစစ်ဆင်လာတဲ့အတွက် အပြင်းအထန် တိုက်ပွဲတွေ ဖြစ်နေတာရှိပါတယ်။”

အာရက္ခတပ်တော်ဟာ ဒီဇင်ဘာ တလတည်းအတွင်းမှာ ပဲခူး-ရခိုင် အစပ်က တောင်ကုတ်မြို့၊ မကွေး-ရခိုင်အစပ်က အမ်းမြို့၊ ဧရာဝတီ-ရခိုင်အစပ်က ဂွမြို့တို့ကို သိမ်းပိုက်လိုက်ပြီးနောက် အဲဒီတိုင်း ၃ ခုကို မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီး တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိ ပဲခူး-ရခိုင်အစပ်မှာ ပန်းတောင်းမြို့နယ်ရှိ ကပစ-၆ နဲ့ ၁၀ မိုင်ကျော်ခန့်အကွာ ညောင်ကျိုးစခန်းကို တိုက်ခိုက်နေပြီး မကွေး-ရခိုင်အစပ် ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို တိုက်ခိုက်နေသလို ဧရာဝတီ-ရခိုင်အစပ်မှာလည်း ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်နဲ့ ပုသိမ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်က ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့ကို တပြိုင်နက်တည်း တိုက်ခိုက်လာတာဟာ စစ်အာဏာရှင်ဖြုတ်ချရေးနဲ့ အနာဂတ် ရခိုင်ပြည်လုံခြုံရေးအတွက် ဖြစ်တယ်လို့ ရခိုင်စစ်ရေးကို အကဲခတ် စောင့်ကြည့်နေတဲ့ ရခိုင်လူငယ်တယောက်က ပြောပါတယ်။

“အာရက္ခတပ်တော်ဟာ ဇန်နဝါရီလကတည်းက ရခိုင်နဲ့ ဆက်စပ်နေတဲ့ တိုင်း ၃ တိုင်းကို တပြိုင်နက်တည်း ထိုးစစ်ဆင်လာတာ သတိထားမိတယ်။ ဒီတိုင်း ၃ တိုင်းကို ထိုးစစ်ဆင်လာရခြင်းဟာ ပထမတချက် စစ်အာဏာရှင်ဖြုတ်ချဖို့ မဟာမိတ်တွေနဲ့ လက်တွဲ တိုက်ပွဲဝင်နေခြင်းဖြစ်သလို ဒုတိယတချက်က အနာဂတ် ရခိုင်ပြည်ရဲ့ လုံခြုံရေးအတွက် အခုကတည်းက ကြိုတင်တိုက်ထုတ်နေတာလို့ သုံးသပ်လို့ရတယ်။”

အာရက္ခတပ်တော်ဟာ ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် မြို့နယ် ၁၅ ခုကို သိမ်းပိုက်ရရှိထားပြီး ပဲခူး၊ မကွေး၊ ဧရာဝတီ အပါဝင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013