
ရခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းတွေ ဖွင့်လှစ်ဖို့ စီစဉ်နေပြီး နောက်ဆုံးနှစ် ကျောင်းသားတွေနဲ့ ဥပဒေတန်း(ပဉ္စမနှစ်)တက်မဲ့ ကျောင်းသားတွေကို လျှောက်လွှာ စတင်ခေါ်ယူနေတယ်လို့ သိရပါတယ်။
တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားတွေအတွက်လည်း ကိုယ်တက်ရောက်လိုတဲ့ မေဂျာတွေကို ရွေးချယ်ဖို့ စစ်တမ်းကောက်နေတာမျိုး ရှိတယ်လို့ ပညာရေးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပညာရေးဌာနနဲ့ နီးစပ်သူတယောက်က “အဆင့်မြင့်ပညာရေးဌာနအနေနဲ့ တက္ကသိုလ်၊ ကောလိပ်ကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ တက္ကသိုလ်ကျောင်းသားတွေဆီက သူတို့ စိတ်ဝင်စားမှုရှိတဲ့ မေဂျာတွေ၊ ပညာရပ်တွေကို စစ်တမ်းကောက်နေတာတော့ရှိတယ်။ အဲဒီ စစ်တမ်းတွေအပေါ် မူတည်ပြီးတော့ တက္ကသိုလ်နဲ့ ကောလိပ်တွေ ဖွင့်လှစ်သင်ကြားနိုင်ဖို့ လုပ်ဆောင်နေကြတယ်” လို့ ပြောပါတယ်။
လက်ရှိ ကောက်ယူနေတဲ့ စစ်တမ်းမှာ ဆေးပညာ၊ ဆေးဝါးနဲ့ ဆက်စပ်ဘာသာရပ်တွေ၊ အင်ဂျင်နီယာ ဘာသာရပ်တွေ၊ စိုက်ပျိုးရေး ဘာသာရပ်တွေ၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဥပဒေ၊ စီးပွားရေးပညာ၊ နိုင်ငံတကာဆက်ဆံရေး ပညာ/နိုင်ငံရေးသိပ္ပံနဲ့ တခြား Humanities၊ လူမှုရေးသိပ္ပံ၊ အနုပညာဘာသာရပ်တွေကို လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် သိပ္ပံအထူးပြုဘာသာရပ်တွေအနေနဲ့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနဲ့ တခြားသိပ္ပံဘာသာရပ်တွေကို လျှောက်ထားနိုင်သလို ဖော်ပြမထားတဲ့ အထူးပြုဘာသာရပ်တွေကိုလည်း လျှောက်ထားနိုင်ပြီး သင်တန်းပြီးစီးရင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘွဲ့တွေ ချီးမြှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်ထားလိုသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးမှာ ဧပြီ ၂၁ ရက် နောက်ဆုံးထားပြီး လျောက်လွှာပေးပို့ကြရမှာဖြစ်ပြီး ၂၀၂၆-၂၇ ခုနှစ်မှာ စတင်သင်ကြားသွားမယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ အခြေခံပညာရေးကျောင်းတွေကို ဖွင့်လှစ်လည်ပတ်နေတာဖြစ်ပြီး တက္ကသိုလ်အဆင့် ပညာရေးကျောင်းတွေကိုလည်း စတင်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းလာနေတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က တက္ကသိုလ်အဆင့်ကျောင်းသားတွေဟာ ၂၀၂၃ ခုနှစ်ကတည်းက ပညာသင်ခွင့် ရပ်တန့်နေတာကြောင့် အခုလို တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ လုပ်ဆောင်လာတာ သတင်းကောင်းပဲလို့ မြေပုံမြို့နယ်က တက္ကသိုလ်နောက်ဆုံးနှစ် အင်္ဂလိပ်စာ အထူးပြုကျောင်းသားတယောက်က ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်က လူငယ်တော်တော်များများ ပညာရေးဘက်မှာ မရှိကြတော့သလို မူးယစ်ဆေး သုံးတာလည်း များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။










