
ကရင်နီပြည်နယ်မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၄ ယောက် အပါအဝင် ပြည်သူ ၅ ယောက် သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မတ် ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက လွိုင်ကော်၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ မိုးဗြဲတို့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းနဲ့ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကြရတာပါ။
သေဆုံးသူတွေထဲ အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက်၊ အသက် ၁၇ နှစ်အရွယ် လူငယ် ၂ ယောက်နဲ့ သက်ကြီးပိုင်း ပြည်သူတယောက်တို့ သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်း ဖားဆောင်း၊ ဘော်လခဲ၊ လွိုင်ကော်တို့မှာ တိုက်ပွဲတွေ ကြိုးကြားဖြစ်ပွားခဲ့ပြီး မိုးဗြဲကို ပြန်လည်ထိန်းချုပ်နိုင်ဖို့လည်း စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်နေတာပါ။
ဖေဖော်ဝါရီလမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် ၅ ယောက် ကျဆုံးခဲ့ပါတယ်။