
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ မတ် ၃ ရက် မွန်းတည့် ၁၁ နာရီခွဲခန့်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ပြီး အဘွားအိုတယောက်နဲ့ ကလေး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တနင်္သာရီမြို့နယ်၊ ကော်တောကျေးရွာထဲကို တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးသီး ၄ လုံး လာကြဲချသွားပြီး ဖိုက်ပွိုင့်စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်သွားတာကြောင့် ထိခိုက်ဒဏ်ရာတွေ ရခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
“အနီးအနား ပတ်ဝန်းကျင်မှာ ဗုံးသီးလာကျပြီးတော့ ဗုံးသီးအစတွေ ထိမှန်တာပါ။ ကလေးမ ၂ ယောက်မှာ တယောက်က ဒဏ်ရာတော်တော်ပြင်းတယ်။ စစ်တပ်က တော်တော်ကိုယုတ်မာတယ်။ အခုဆို တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာပါ ဗုံးလိုက်ချနေတယ်။”
ဗုံးသီးကျရောက်ပေါက်ကွဲတာကြောင့် ကော်တောကျေးရွာက လူနေအိမ် ၃ လုံးနဲ့ အပင်တွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒဏ်ရာရတဲ့လူနာ ၃ ယောက်ကတော့ ဗုံးသီးအစ စင်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တုန်းကလည်း တကူကျေးရွာအုပ်စု၊ မြရောင်ချောင်းကျေးရွာကို စစ်ကောင်စီရဲ့ ဂျက်လေယာဉ်တစီး ဗုံးလာကြဲသွားပြီး ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲကာ အဆောက်အအုံနံရံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
စစ်ကောင်စီက အခုတပတ်အတွင်းမှာ တနင်္သာရီမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး တိုက်ပွဲတွေတော့ ငြိမ်သက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။