
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့မှာရှိတဲ့ ရဲစခန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မတ် ၃ ရက် ည ၇ နာရီကျော်လောက်က အဝေထိန်းစနစ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်မှုထမ်းအကြောင်းပြပြီး ညဘက်တွေမှာ လူငယ်တွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့ ရဲစခန်းနဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Operation Flame တပ်ဖွဲ့ တာဝန်ရှိသူက “ညဘက်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး လူငယ်တွေကို ဖမ်းဆီးတာနဲ့ လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲပြီး စစ်တပ်ထဲထည့်နေတဲ့ ရဲစခန်းနဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်” လို့ DVB ကို ပြောပါတယ်။
ရဲစခန်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဖောက်ခွဲခံရပြီးနောက် လမ်းတွေပိတ်ဆို့ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေကာ လူငယ် ၂ ယောက် ဖမ်းဆီးခံထားရတယ်လို့ ရွှေပြည်သာမြို့နယ်အတွင်း နေထိုင်သူတွေဆီက သိရပါတယ်။
မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ ရန်ကုန်မြို့ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်ရေးပြီးဆုံးတဲ့အထိ အရှိန်အဟုန်မြှင့်ပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။










