DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသင့်ဟု အမေရိကန်အစိုးရဝန်ကြီးများ အဆိုပြု
DVB
·
March 4, 2025
ဒေါ်နယ်ထရမ့်ပ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရသင့်ဟု အမေရိကန်အစိုးရဝန်ကြီးများ အဆိုပြု
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုနဲ့ ထိုက်တန်တယ်လို့ သူ့အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်နဲ့ လွှတ်တော်အမတ်တချို့က ဒီရက်ပိုင်းအတွင်း မှတ်ချက်ပေး အဆိုပြုခဲ့ကြပါတယ်။

ယူကရိန်းနဲ့ ရုရှားအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ထရမ့်ပ်ရဲ့ ချဉ်းကပ်ပုံကို ခုခံပြောကြားခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ဒီလိုမျိုး နောက်ဆုံးပြောခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ထရမ့်ပ်နဲ့ ဇလန်းစကီး ဆွေးနွေးပွဲပျက်ပြီးနောက်ပိုင်း အေဘီစီရုပ်သံနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ရူဘီအိုက “ကျနော် နားမလည်ဘူး။ တကယ်နားမလည်ဘူး။ ဒေါ်နယ်ဂျေထရမ့်ပ် ဖြစ်နေလို့ကို ဒီလိုဖြစ်နေတာ။ အကယ်၍ ဒီမိုကရက်တစ်တဦးသာ ဒါမျိုးလုပ်မယ်ဆိုရင်၊ ဒီသမ္မတတော့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရတော့မှာပဲလို့ လူတိုင်းက ပြောကြမှာပဲ” လို့ မှတ်ချက်ချခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်ကလည်း ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရေး အားထုတ်မှုတွေအတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို ထရမ့်ပ် ရသင့်တယ်လို့ ပြောခဲ့ပါတယ်။

“မျှမျှတတသာ ဆုချီးမြှင့်ကြေးဆိုရင် တနှစ်အတွင်းမှာ သူ ရကို ရသင့်ပါတယ်” လို့ ဘက်ဆန့်က ဖေဖော်ဝါရီလအတွင်း Fox ရုပ်သံနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

ကုသလမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ထရမ့်ပ်က အဆိုပြုထားတဲ့ နယူးယောက် လွှတ်တော်အမတ် အဲလိစ် စတာဖာနစ်ကလည်း ထရမ့်ပ်ကို နိုဘယ်လ်ဆုပေးဖို့ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ Conservative Political Action Conference (CPAC) မှာ တောင်းဆိုခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒက်ဖ်ဘာဂမ်နဲ့ အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့ဇ်တို့ကလည်း အလားတူ ပြောဆိုထားပါတယ်။

ဥရောပရော အရှေ့အလယ်ပိုင်းမှာပါ စစ်ပွဲတွေ အဆုံးသတ်မယ့် ထရမ့်ပ်ရဲ့နံဘေးမှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီး ရှိလာလိမ့်မယ်လို့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် မိုက်ခ်ဝေါ့ဇ်က အဲဒီပွဲမှာပဲ ပြောခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ဘဲဥပုံရုံးခန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ တွေ့ဆုံတဲ့အချိန် ထရမ့်ပ် ကိုယ်တိုင်ကိုလည်း သတင်းထောက်တယောက်က ဒီကိစ္စ မေးခဲ့ဖူးပါတယ်။

ဂါဇာစစ်ပွဲ အဆုံးသတ်နိုင်ရေး ကူညီနိုင်မယ်ဆိုရင် နိုဘယ်လ်ဆုရဖို့ မျှော်လင့်သလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က “ကျုပ် ရသင့်တာပေါ့။ ဒါပေမဲ့ သူတို့ ကျုပ်ကို ဘယ်တော့မှ ပေးမယ်မထင်ဘူး” လို့ ဖြေကြားခဲ့ဖူးပါတယ်။

ထရမ့်ပ်ဟာ အရင်ကတည်းက နိုဘယ်လ်ဆုရွေးချယ်မှု အပိုင်းကို ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီက ဘားရက်အိုဘားမား သမ္မတဖြစ်ပြီး လပိုင်းပဲရှိသေးချိန် ၂၀၀၉ မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရခဲ့တဲ့အချက်ပေါ် ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အိုဘားမားဟာ နျူးကလီးယားလက်နက် လျှော့ချရေး တွန်းအားပေးမှုနဲ့ မွတ်စလင်ကမ္ဘာနဲ့ ဆက်ဆံရေး တိုးမြှင့်နိုင်မှုတွေအတွက် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နောင် ၁၀ နှစ်အကြာ ၂၀၁၉ မှာ ထရမ့်ပ်က ဆုကို မျှမျှတတပေးသင့်ကြောင်း၊ အိုဘားမား သမ္မတဖြစ်တာနဲ့ ချက်ချင်းကိုပေးခဲ့ကြောင်း၊ ဘာဖြစ်လို့ရသလဲဆိုတာ အိုဘားမား ကိုယ်တိုင်တောင် မသိကြောင်း မှတ်ချက်ချခဲ့ပါတယ်။

ထရမ့်ပ်ရဲ့ ပထမသက်တမ်းအတွင်းမှာ နိုဘယ်လ်ဆု လျာထားစာရင်းထဲ ပါခဲ့ဖူးပေမဲ့ မရခဲ့ပါဘူး။

အစ္စရေး-ယူအေအီး၊ ဘာရိန်း-မော်ရိုကို အကြား အေဘရာဟမ် သဘောတူညီချက်ရအောင် ညှိနှိုင်းပေးနိုင်ခဲ့မှုအတွက် ထရမ့်ပ်ကို နိုဘယ်လ်ဆုပေးဖို့ မနှစ်ကလည်း ရီပတ်ဘလီကန် လွှတ်တော်အမတ် ကလောဒီယာ တန်နေးက အဆိုပြုခဲ့ဖူးပါတယ်။

ဒီနှစ်မှာလည်း အစ္စရေးနွယ်ဖွား တက္ကသိုလ်ပါမောက္ခတယောက်က ထရမ့်ပ်ကို နိုဘယ်လ်ဆုပေးဖို့ ဆုရွေးချယ်ရေးကော်မတီကို အဆိုပြုချက် ပေးပို့ထားပါတယ်။

၂၀၂၅ ခုနှစ်အတွက် နိုဘယ်လ်ဆုတွေကို ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထား အဆိုပြုရတာဖြစ်ပြီး ဆုရရှိသူကို အောက်တိုဘာမှာ ကြေညာမှာဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013