DVB Logo
Home
မြန်မာသတင်း
ထိုင်း ကွန်ဒိုဝယ်ယူမှု မြန်မာနှင့် ထိုင်ဝမ်က ပိုတိုးလာ၊ တရုတ်နှင့် ရုရှား အဝယ်ကျ
DVB
·
March 3, 2025
ထိုင်း ကွန်ဒိုဝယ်ယူမှု မြန်မာနှင့် ထိုင်ဝမ်က ပိုတိုးလာ၊ တရုတ်နှင့် ရုရှား အဝယ်ကျ
Donate to DVB

ထိုင်းနိုင်ငံရဲ့ ၂၀၂၄ ခုနှစ်အတွက် ကွန်ဒိုဝယ်ယူမှု အများဆုံး နိုင်ငံတွေ စာရင်းကို အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) ထုတ်ပြန်လိုက်ပြီး အဲဒီထဲမှာ ထိုင်ဝမ်နဲ့ မြန်မာနိုင်ငံသားတွေ  ဝယ်ယူမှု ပိုတိုးလာပြီး တရုတ်နဲ့ ရုရှားဝယ်လက်တွေက အဝယ်ကျလာခဲ့တဲ့အကြောင်း The Nation သတင်းမှာ ဖော်ပြပါတယ်။

REIC ရဲ့ စစ်တမ်းအရ ထိုင်းကွန်ဒိုပိုင်ဆိုင်မှုလွှဲပြောင်းမှုတွေ မြင့်တက်ခဲ့တဲ့ ဒီအရင် ၂ နှစ်တာနဲ့ နှိုင်းယှဉ်ပါက နိုင်ငံခြားကွန်ဒိုတိုက်ခန်းဝယ်ယူမှုဟာ အနည်းငယ်နှေးကွေးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကွန်ဒိုတိုက်ခန်းလွှဲပြောင်းမှု ၁၄,၅၇၃ ယူနစ်ထိ ရောက်ရှိခဲ့ပြီး ၀ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကာ စုစုပေါင်းအရောင်းအဝယ်တန်ဖိုးကတော့ ၆ ဒသမ ၈ ရာခိုင်နှုန်း ဘတ် ၆၈ ဒသမ ၁၈  ဘီလီယံထိ ကျဆင်းသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီအရင်နှစ်တုန်းက နိုင်ငံခြားသားတွေ ဝယ်ယူကြတဲ့ ကွန်ဒို ယူနစ်အခန်းတခန်းရဲ့ ပျမ်းမျှစျေးနှုန်း ဘတ် ၅ ဒသမ ၁ သန်းကနေ ၄ ဒသမ ၇ သန်းအထိ ကျဆင်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံ ကွန်ဒိုဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအနေနဲ့ ဆက်လက်စိတ်ဝင်စားနေပေမဲ့ တရုတ်နဲ့ ရုရှားဝယ်လက်တွေရဲ့ ဝယ်ယူမှုတွေကတော့ သိသိသာသာ နှေးကွေးခဲ့ပြီး တရုတ်ဝယ်ယူမှုမှာ ၅,၆၇၀ ယူနစ်နဲ့ ၁၄ ဒသမ ၃ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သလို အရောင်းအ၀ယ်တန်ဖိုးကလည်း တနှစ်ထက်တနှစ် ၂၂ ဒသမ ၂ ရာခိုင်နှုန်းထိ ကျဆင်း သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ခုလိုကျဆင်းမှုဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိတဲ့ ပထဝီနိုင်ငံရေး မရေရာမှုတွေကို ထင်ဟပ်စေသလို တချိန်တည်းမှာပဲ မြန်မာနဲ့ ထိုင်ဝမ်က ဈေးကွက်ထဲ အကြီးထွားဆုံးဝယ်လက်တွေအဖြစ် ပေါ်ထွက်လာတာပဲဖြစ်တယ်လို့ ဆိုပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် မြန်မာနဲ့ ထိုင်ဝမ် ဝယ်လက်တွေ အရှိန်ရလာသလို မြန်မာနိုင်ငံက ကွန်ဒိုတိုက်ခန်းဝယ်ယူမှု ၁,၃၈၈ ယူနစ်နဲ့ ၁၄၆ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်တန်ဖိုး ဘတ် ၇ ဒသမ ၀၄ ဘီဘီယံနဲ့ ၈၉ ဒသမ ၈ ရာခိုင်နှုန်းထိ တက်လာခဲ့တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ ဗီဇာကင်းစင်ရေးမူဝါဒ အကျိုးခံစားခွင့်ရှိတဲ့ ထိုင်ဝမ်ဝယ် လက်တွေက ဝယ်ယူမှု ၈၃၆ ယူနစ်နဲ့ ၅၇ ဒသမ ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး အရောင်းအဝယ်တန်ဖိုး ဘတ် ၄ ဒသမ ၃ ဘီလီယံနဲ့ ၄၇ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးလာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အခုနှစ်ကွန်ဒိုဈေးကွက်မှာ ထပ်ပြီးတော့ စောင့်ကြည့်ရမှာတော့ ထိပ်တန်းနိုင်ငံ ခြားရင်းနှီး မြှုပ်နှံသူ ၁၀ နိုင်ငံထဲ ပွဲဦးထွက်ပါဝင်ခဲ့တဲ့ အိန္ဒိယ၀ယ်လက်တွေဖြစ်ပြီး ဘတ် ၁ ဒသမ ၅၃ ဘီလီယံတန်ဖိုးရှိတဲ့ စုစုပေါင်းယူနစ် ၂၆၀ ၀ယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

အခု ၂၀၂၅ ခုနှစ်ကို မှန်းမျှော်ကြည့်မယ်ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားကွန်ဒိုဈေးကွက်က တည်ငြိမ်နေမယ်၊ ဒါမှမဟုတ် ၁ ရာခိုင်နှုန်း ဝန်းကျင် တိုးတက်မှု အနည်းငယ်ရှိမယ်လို့ မျှော်လင့်ရပြီး တရုတ်၊ မြန်မာ၊ ရုရှားနဲ့ ထိုင်ဝမ်ဝယ်လက်တွေကပဲ ဈေးကွက်ကို ဆက်လက်ဦးဆောင်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

Photo: The Nation

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013