DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်တပ်က လက်နက်နှင့် တရားမဝင်ကုန်စည်များ စစ်ဆေး
DVB
·
March 3, 2025
ဧရာဝတီတိုင်းတွင် စစ်တပ်က လက်နက်နှင့် တရားမဝင်ကုန်စည်များ စစ်ဆေး
Donate to DVB

ဧရာဝတီတိုင်းမှာ စစ်လက်နက်ပစ္စည်းနဲ့ တရားမဝင်ကုန်ပစ္စည်းတွေ သယ်ဆောင်တာ ရှိ၊ မရှိ စစ်ဖို့ ဆိုပြီး စစ်ကောင်စီတပ် ပါတဲ့ စစ်ဆေးရေးအဖွဲ့တွေက ရေယာဉ်တွေကို လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁ ရက်က စတင်ပြီး ကျိုက်လတ်၊ ဘိုကလေး၊ မအူပင်၊ ပန်းတနော်၊ ဝါးခယ်မ၊ ငပုတော၊ ရေကြည်၊ သာပေါင်း စတဲ့မြို့နယ်တွေက ရေယာဉ်စစ်ဆေးရေးဂိတ်နဲ့ သင်္ဘောဆိပ်တွေမှာ စစ်လက်နက်နဲ့ တရားမဝင်ကုန်စည်တွေ သယ်ဆောင်လာတာ မရှိစေဖို့ဆိုပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။

ရေယာဉ်လုပ်ငန်းရှင်တယောက်က “အဓိကက တရားမဝင် စစ်လက်နက်ပစ္စည်းတွေ သယ်ယူလာတာတွေ မရှိစေဖို့ စစ်ဆေးပြီး သတိပေးတာ။ တရားမဝင်ကုန်စည်တွေ တင်ဆောင်တာတွေ့ရှိရင် ကုန်ပစ္စည်းကို သိမ်းမယ်၊ ပြီးတော့ လူကိုဖမ်းပြီး ဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

တရားမဝင်ကုန်စည်တွေ တင်ဆောင်တာ မရှိစေဖို့ဆိုပြီး စစ်ဆေးရာမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေအပြင် စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ စစ်ကောင်စီလက်အောက်ခံ ခရိုင်/မြို့နယ် စားသုံးသူရေးရာဦးစီးဌာနက တာဝန်ရှိသူတွေ၊ စစ်ကောင်စီလက်အောက်ခံ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့က အဖွဲ့ဝင်တွေ ပူးပေါင်းစစ်ဆေးနေတာလို့ ဆိုပါတယ်။

ရေယာဉ်စစ်ဆေးရေးအဖွဲ့ဝင်တယောက်က “ရေယာဉ်တွေကို ဌာနအစုံနဲ့ စစ်ဆေးတာ မှန်ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ လိုင်စင် ရှိ မရှိ၊ လိုင်စင်သက်တမ်းကုန်ပါက သက်တမ်းတိုးဖို့ သတိပေးတယ်။ အကောက်ခွန်မဲ့ပစ္စည်းတွေ သယ်ဆောင်ခြင်း မရှိစေဖို့၊ ရေယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ဖို့ သတိပေးတာပါ” လို့ ပြောပါတယ်။

အဲဒီလို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက စစ်ဆေးရာမှာ ဖမ်းဆီးခံရတာ မရှိသေးပေမဲ့ လိုင်စင်နဲ့ တခြားပြစ်ချက်တွေကြောင့် ဒဏ်ရိုက်အရေးယူခံရတဲ့ ရေယာဉ်လုပ်ငန်းရှင် အယောက် ၃၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ကျိုက်လတ်မြို့နယ်ကနေ တနင်္သာရီတိုင်း လေးမြို့နယ်ကို တင်ပို့မယ့် ဆန်အိတ် ၉,၀၀၀ တင်ထားတဲ့ အမ်ဗွီ အောင်တက်တိုး ရေယာဉ်ကို အချိန်အတန်ကြာ စစ်ဆေးနေတာကြောင့် တခြားရေယာဉ်တွေကို ထွက်ခွာခွင့်မပေးလို့ လုပ်ငန်းကြန့်ကြာတာတွေ ဖြစ်ပေါ်ခဲ့သေးတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013