DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့် ပေါက်မြို့နယ်အစပ်က ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ ဒေသခံ ၁၃ ဦး သေဆုံး
DVB
·
March 3, 2025
မြိုင်နှင့် ပေါက်မြို့နယ်အစပ်က ကျေးရွာများကို စစ်တပ်က ဗုံးကြဲ၊ ဒေသခံ ၁၃ ဦး သေဆုံး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ် ၃ ရက် မနက် ၁ နာရီကနေ စတင်ပြီး ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူ ၁၃ ယောက် သေဆုံးကာ အများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ပကဖက ပြောပါတယ်။

မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက “မြိုင်နဲ့ ပေါက်အစပ်က ရွာတွေပေါ်ကို ကြဲတာ။ ရွာ ၁၀ ရွာ ကျော်တယ်။ ည ၁ နာရီလောက်ကနေ ၂ နာရီလောက်အထိ Y12 လေယာဥ်တွေနဲ့ တောက်လျှောက်ဗုံးကြဲတာ။ အခုနောက်ဆုံးစာရင်းအရကတော့ သေဆုံးသူ ၁၃ ယောက်ရှိတယ်။ ဒဏ်ရာရတဲ့သူ အရေအတွက်ကတော့ ၁၀ ယောက်ထက်မနည်းဘူး” လို့ ပြောပါတယ်။

ဒဏ်ရာရရှိခဲ့ကြသူတွေထဲကလည်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေ ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

မြိုင်မြို့နယ်ထဲက ဂျုတ်ကုန်း၊ ဘောင်ဘင်၊ ညောင်ကုန်း၊ ဆိတ်ချေး၊ ဆူးဝင်းနဲ့ တောကျေးရွာတွေ ဖြစ်ကြပြီး ပေါက်မြို့နယ်ထဲက လက်ပံတို၊ သရက်ကန်နဲ့ ဆုံကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မုန်းက “တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲသွားတာပါ။ လက်ပံတို ရေနံမှော်ထဲက ထိခိုက်ပျက်စီးတာ များတယ်။ သေဆုံးတဲ့အထဲမှာလည်း ရေနံမှော်ထဲက ရေနံလုပ်သားတွေ ပါကြတယ်။ ပျက်စီးသွားတဲ့ လူနေအဆောက်အအုံ အားလုံးဆို ဘယ်နည်းမလဲဗျ။ ၃၀ နဲ့ ၄၀ ကြားရှိမယ်။ အခုမနက်ပိုင်းမှာလည်း စစ်တပ်ဘက်က စက်တပ်လေထီးတွေနဲ့ ကင်းထောက်တာတွေ လုပ်နေသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူတွေ အနေနဲ့ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက အကြိမ်ကြိမ် သတိပေး ထုတ်ပြန်နေပါတယ်။

ဖေဖာ်ဝါရီ ၂၅ ရက် မနက်ပိုင်းကလည်း မြိုင်မြို့နယ်အတွင်းမှာ PDF တပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာဆောင် ကျင်းပနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားလို့ ကလေးငယ်တယောက် အပါအဝင် ပြည်သူ ၁၂ ယောက် သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013