
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ ‘ဝ’ အုပ်ချုပ်ရေးက သိမ်းယူတဲ့ မြေယာကိစ္စ ကျေအေးပြီးဖြစ်ကြောင်း ကာယကံရှင်တွေက ပြောပါတယ်။
ဟိုပန်ဒေသခံတွေရဲ့ ရော်ဘာခြံမြေတွေကို UWSA ‘ဝ’ တပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က သိမ်းယူခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရော်ဘာခြံမြေသိမ်းယူမှုကိစ္စမှာ မြေသိမ်းခံရတဲ့ မိသားစုတွေကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အုပ်ချုပ်ရေးက ဆုံးရှုံးခဲ့တဲ့ ရော်ဘာပင်နဲ့ မြေယာတန်ဖိုးကို ပေးလျော်ခဲ့တာကြောင့် နှစ်ဖက်ကျေအေးလိုက်တာပါ။
“ဟိုပန် ‘ဝ’ အုပ်ချုပ်ရေးက မြေသိမ်းခံရတဲ့ မိသားစုတွေကို မြေဖိုးနဲ့ ရော်ဘာပင်ဖိုးတွေ ပြန်လျော်ပေးလို့ အခု နှစ်ဦးနှစ်ဖက် ကျေအေးသွားပြီ" လို့ မြေသိမ်းယူခံခဲ့ရသူတယောက်က ပြောပါတယ်။
ဟိုပန်က ဒေသခံ ၈ ယောက်ရဲ့ ရော်ဘာခြံမြေတွေကို ‘ဝ’ အုပ်ချုပ်ရေးအဖွဲ့က အင်အားသုံးဝင်ရောက် မသိမ်းယူခင်က မြေပိုင်ရှင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြေသိမ်းခံရသူ နောက်တယောက်က “ခြံထဲက ရော်ဘာပင်တွေကို ‘ဝ’ တပ်ဖွဲ့က ဝင်မခုတ်ခင် သူတို့က ရုံးကိုခေါ်ပြီး တွေ့တယ်။ ညှိနေတုန်းပဲ ရှိသေးတဲ့အချိန်မှာပဲ သူတို့က အပင်တွေ ဝင်ခုတ်တာဆိုတော့ ကျမတို့လည်း လိုင်းပေါ်တင်မိတယ်။ အခုတော့ ကျေးအေးပါပြီ" လို့ ပြောပါတယ်။
မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ကို ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်နေ့မှာသိမ်းယူပြီး ‘ဝ’ တပ်ဖွဲ့ကို ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။











