DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတွင် လက်နက်ကြီးကျပြီး မိန်းကလေးငယ် ၁ ဦးသေ၊ ပုလောတွင် စစ်ရှောင်အမျိုးသမီး ၃ ဦး ပစ်ခတ်ခံရ
DVB
·
March 2, 2025
မိုးဗြဲတွင် လက်နက်ကြီးကျပြီး မိန်းကလေးငယ် ၁ ဦးသေ၊ ပုလောတွင် စစ်ရှောင်အမျိုးသမီး ၃ ဦး ပစ်ခတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမှာ စစ်ကောင်စီတပ် ပစ်လိုက်တဲ့ လက်နက်ကြီးက တောင်ယာထဲကို ကျရောက်ပေါက်ကွဲလို့ မိန်းကလေးငယ် ၁ ယောက် သေဆုံးခဲ့ပြီး တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာတော့ အိမ်ကိုပစ္စည်းပြန်ယူတဲ့ စစ်ရှောင်အမျိုးသမီး ၃ ယောက်ကို စစ်တပ်က ပစ်ခတ်လို့ ၁ ယောက် ဒဏ်ရာရသွားပါတယ်။

မတ် ၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင် တောင်ယာလုပ်နေကြတဲ့အချိန် မိုးဗြဲမြို့ဝန်းကျင်ကိုပစ်ခတ်တဲ့ လက်နက်ကြီးဟာ တောင်ယာလုပ်နေတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေး နေရာမှာပဲသေဆုံးပြီး အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်လည်း ထိခိုက်မိပြီး တယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အမျိုးသားတယောက်က “စားသောက်ဖို့ အခက်အခဲတွေရှိလာတော့ ရုန်းကန်ရတာပေါ့လေ။ နေ့စားခရဖို့အတွက် လုပ်ကိုင်ရင်းနဲ့ အခုလိုဖြစ်သွားရတာပါပဲ” လို့ ပြောပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ရိက္ခာပြတ်လပ်လာတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတချို့ဟာ အရဲစွန့်ပြီး တောင်ယာအငှားလိုက်တာ၊ နွေစပါး ပြန်စိုက်တာတွေကို ပြုလုပ်ပြီး ဝမ်းရေးဖြေရှင်းနေပါတယ်။

မိုးဗြဲအနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ မီးလောင်ဗုံးနဲ့ ပစ်ခတ်တာတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့် တောင်ယာပြုလုပ်နေတဲ့သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

မိုးဗြဲ ၄၂၂ တပ်ကနေ စစ်ကောင်စီစစ်ကြောင်းထိုးပေမဲ့ အထိနာပြီးပြန်ဆုတ်ခဲ့ရတာကြောင့် စစ်ကောင်စီက အနီးနားပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်နေပြီး လေကြောင်းကနေ ဗုံးကြဲတာတွေလည်း လုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကြဲရွာမှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့၊ မနက်ပိုင်းက ပစ္စည်းပြန်လာယူတဲ့ ဒေသခံစစ်ရှောင်အမျိုးသမီး ၃ ယောက်ကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ကြဲမှာ ပြည်သူတွေက သူတို့အိမ်ကပစ္စည်းတွေ ဝင်ယူလို့ စကစက သေနတ်နဲ့ လိုက်ပစ်တယ်။ အမျိုးသမီးတဦး တင်ပါးမှာ ၄၀ မမ ကျည်ထိသွားတယ်။ ဒဏ်ရာကတော့ များတယ်”လို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့အမျိုးသမီးက ကြဲရွာဒေသခံ အသက် ၄၃ နှစ်အရွယ် မဌေးမော် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျန်အမျိုးသမီး ၂ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပြီးနောက် ကြဲတံတားမှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးပြီး ညနေမှ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစပြီး စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေကြောင့် ကြဲရွာဒေသခံတွေဟာ နီးစပ်ရာ ကျေးရွာတွေဆီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013