DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာများ သောက်သုံးရေပြတ်လပ်နေ
DVB
·
March 1, 2025
ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာများ သောက်သုံးရေပြတ်လပ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတိုင်းလိုလိုမှာ သောက်သုံးရေလုံးဝပြတ်လပ်နေပြီး ရေရှားပါးမှုကို ရင်ဆိုင်နေရပြီလို့ ဒေသခံတွေနဲ့ ဒေသတွင်းကူညီပေးနေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ဒုတိယအပတ်ကစလို့ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ကျေးရွာတိုင်း လိုလိုမှာ သောက်သုံးရေကန်တွေ ခမ်းခြောက်လာပြီး ရေရှားပါးမှုပြဿနာကို ရင်ဆိုင် ကြုံတွေ့နေရတာပါ။ နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုနဲ့ ကြုံတွေ့နေရပေမဲ့ အခုအခါ ကျေးရွာ အတွင်း စစ်ဘေးရှောင်တွေပိုများလာတာကြောင့် ရေရှားပါးမှုပြဿနာကို စောစီးစွာ ကြုံတွေ့နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိမှာ သောက်သုံးရေ ပြတ်လပ်မှု ပိုမိုဆိုးရွားလာနေတာကြောင့် သက်ဆိုင်ရာ ကျေးရွာတာဝန်ရှိသူတွေက ရေကိုအကန့်အသတ်နဲ့သာ သုံးစွဲခွင့်ပြုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းဒေသခံတယောက်က “ရေကိုအတတ်နိုင်ဆုံး ချွေတာသုံးကြရတယ်။ သက်ဆိုင်ရာကျေးရွာခေါင်းဆောင်တွေဆိုလည်း ခွဲတမ်းချတာပေါ့။ ရေခပ်ချိန်ဆိုရင် မနက် ၆ နာရီကနေ ၁၀ နာရီထိ သောက်ရေခပ်ချိန် တအိမ်ထောင်က သောက်ရေ နှစ်လုံးရတယ်။ နှစ်လုံးကျ ခွဲတမ်းချပေးတယ်။ အဲဒါတွေကိုသူတို့တွေက စနစ်တကျ ခွဲတမ်းချပေးတာမျိုးရှိတယ်။ ရေခပ်ခွင့်က အလုံးရေအကန့်အသတ်ရော၊ အချိန်အကန့်အသတ်ရော ရှိနေတာဆိုတော့ ရေကို ဖောဖောသီသီအရင်ကလို သုံးလို့မရတော့ဘူး။ တချို့သုံးရေကန်တွေလည်း လုံးဝကို ခြောက်ခန်းသွားပါပြီ။ ရေသုံးလို့မရတော့ဘူး။ ရေလည်းမသန့်တော့ဘူး။ ရွှံ့တွေ ဗွက်တွေနဲ့ဆိုတော့ သုံးဖို့အဆင်မပြေတော့ဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ဒေသခံတွေနဲ့ စစ်ဘေးရှောင်နေကြတဲ့သူတွေဟာ သောက်သုံးရေတလုံးရရှိနိုင်ဖို့ ကျေးရွာနဲ့ တမိုင်လောက်ဝေးတဲ့ခရီးတွေကို သွားရောက်ပြီးတော့ ရေသွားခပ်နေကြရ ပါတယ်။

ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းဘေးတလျှောက်ကျေးရွာတွေဖြစ်တဲ့ ယိုးငူ၊ ကြံခင်း၊ တောင်နား ရွာ၊ ကျင်တလင်း၊ ကျောက်ဆိပ် ၊ အထက်မြတ်လှဲ အပါအဝင် ရွာပေါင်း ၅၀ လောက်မှာ နှစ်စဉ် ရေရှားပါးတဲ့ ပြဿနာကိုကြုံတွေ့နေရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလကစတင်ပြီး ULA /AA ဘက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေး‌ရှောင်စခန်းတွေနဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ ရေတွေလှူဒါန်းပေးနေပေမဲ့ အကူအညီတွေလိုအပ်နေဆဲလို့ ဆိုပါတယ်။

ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း  တာဝန်ရှိသူတယောက်က “စစ်ဘေးရှောင်ပြည်သူတွေဟာ နဂိုကတည်းကစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရပါ ထိခိုက်မှုတွေ ရှိနေတာပါ။ ကိုယ့်အိမ်ကိုယ့်ရွာမှာ နေနေရတဲ့သူတွေမဟုတ်ဘူး။ အဆင်မပြေမှုပေါင်းများစွာကို ခါးစည်းခံ နေရတဲ့သူတွေဖြစ်တယ်။ အဲဒီထဲမှာမှ ရေပြဿနာပါ တိုးလာတာဆိုတော့၊ တပူပေါ်တပူဆင့် ပုံစံမျိုး ဖြစ်နေတယ်။ တခြားအနယ်နယ်အရပ်ရပ်က မိဘပြည်သူတွေကိုလည်းတောင်းဆိုချင်ပါတယ်။ အတတ်နိုင်ဆုံးကူညီပေးကြပါလို့ မဟုတ်ရင် ဒီထက်ပိုဆိုးတဲ့အခြေအနေတွေ ကြုံလာရနိုင်ပါတယ်”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်စခန်းတွေမှာလည်း ရေရှားပါးမှုဒဏ်ကို ခံနေရတဲ့အပြင် ကလေးငယ် အများစုမှာ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ခံစားနေရတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ဘေးရှောင် ၆၀၀၀၀ ဝန်းကျင်လောက်ရှိပြီး စစ်တွေ၊ ရသေ့တောင်၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းမြို့ပေါ်က စစ်ဘေးရှောင်သူတွေ အများဆုံး ဖြစ်ပါတယ်။ ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013