DVB Logo
Home
မြန်မာသတင်း
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသည့် နိုင်ငံများတွင် မြန်မာ အများဆုံးဖြစ်
DVB
·
February 27, 2025
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသည့် နိုင်ငံများတွင် မြန်မာ အများဆုံးဖြစ်
Donate to DVB

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု သိသိသာသာမြင့်တက်လာခဲ့ပြီး မြေမြှုပ်မိုင်း အသုံးပြုမှုကြောင့် ထိခိုက်သေဆုံးတဲ့ ကမ္ဘာ့နိုင်ငံတွေထဲ မြန်မာက အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် မြေမြှုပ်မိုင်းအသုံးပြုမှုက သိသိသာသာမြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ကမ္ဘာပေါ်က မြေမြှုပ်မိုင်းအသုံးပြုတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံက အများဆုံးဖြစ်တယ်လို့ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာတဲ့ အဖွဲ့ Land Mind and Cluster Munition monitor ရဲ့  အချက်အလက်တွေအရသိရပါတယ်။

မြေမြှုပ်မိုင်းနဲ့ တခြားသော ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံးဒဏ်ရာရမှုတွေက တစထက်တစ များပြားလာနေပြီး အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ်မှာဆို ကမ္ဘာ့နိုင်ငံကြီးတွေအထဲ အများဆုံး ဖြစ်ခဲ့တယ်လို့  Mine Free Myanmar ရဲ့ သုသေသီ Dr. Yeshua Moser-Puangsuwanyeshua က ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်း အသုံးပြုမှုတွေက တိုးလာဖြစ်ပြီး ၂၀၂၃ တနှစ်လုံးစာမှာ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အများဆုံးနိုင်ငံအဖြစ် ပထမဆုံးအကြိမ်စာရင်း ဝင်လာတာဖြစ်ပါတယ်။ ပြီးတော့ မြေမြှုပ်မိုင်းအန္တရာယ်ရှိတဲ့ မြို့တွေကလည်း နိုင်ငံရဲ့ ထက်ဝက်ကျော် ဖြစ်လာခဲ့ပါတယ်။  မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေ ပေါက်ကွဲထိခိုက်မှုက တရက်ကို ၃ ခုနှုန်းလောက် ဖြစ်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာဆိုရင် မြန်မာဟာ တခြားသော ထိခိုက်ဒဏ်ရာရ သေဆုံးမှု များပြားတဲ့ နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယားတို့ အာဖဂန်နစ္စတန်တို့ ယူကရိန်းတို့ထက် ပိုများနေတာ ဖြစ်ပါတယ်။”

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုက ၁၀၀၃ ခုရှိခဲ့ပြီး ဆီးရီးယားက ၉၃၃၊ အာဖဂန်နစ္စတန်က ၆၅၁နဲ့  ယူကရိန်းက ၅၈၀ တို့ ရှိခဲ့ပါတယ်။ 

၂၀၀၇ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လေ့လာတွေ့ရှိချက်တွေအရ အရပ်သားတွေ ထိခိုက်သေဆုံးမှု အများဆုံးက မိုင်းရှိတာကို မသိဘဲ ရွှေ့ပြောင်း ခရီးသွားလာတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။’

တခြားသော အကြောင်းအရာတွေဖြစ်တဲ့ သစ်ခုတ်တာနဲ့ အမဲလိုက် ငါးဖမ်းတာ၊  တောင်ယာ လုပ်ကိုင်တာ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို ကိုင်တွယ်တာနဲ့ ပဋိပက္ခတွေဖြစ်တဲ့နေရာကနေ ထွက်ပြေးတာ ပြန်လာတာ စတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ထိခိုက်သေဆုံးဒဏ်ရာရတဲ့ အများဆုံးဒေသကတော့ ရှမ်းပြည်နယ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်နယ်မှာ မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရေးတွေ လုပ်ဆောင်နေပေမယ့် ပဋိပက္ခတွေ ဖြစ်ပွားရာနေရာနဲ့ တပြည်နယ်လုံးကိုတော့ မလွှမ်းခြုံနိုင်သေးဘူးလို့ ရှမ်းကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ရဲ့ တာဝန်ရှိသူ ယိင်းမွေလျန်းက ပြောပါတယ်။

“လုပ်တဲ့အဖွဲ့အစည်းတွေက လုပ်နေတာပဲ၊ မြေပြင်က ပရဟိတအဖွဲ့တွေလည်း လုပ်တယ်၊ ကျမတို့လည်း လုပ်တယ်၊ မြေပြင်မှာ လက်လှမ်းမီသလောက် လုပ်နေတာပဲ။ ဒါပေမဲ့ တပြည်နယ်လုံးနဲ့ လက်ရှိ ပဋိပက္ခဖြစ်တဲ့ ဒေသအကုန်လုံးကို လွှမ်းခြုံပြီး လုပ်နိုင်တာတော့ မရှိသေးဘူးရှင့်၊ မြေမြှုပ်မိုင်းကတော့ ဘယ်ဘက်က သုံးသုံး လက်တွေ့ထိခိုက်နစ်နာဆုံးက ပြည်သူတွေ ဖြစ်နေတယ်ပေါ့။ အဲဒါကြောင့် ကျမတို့ကတော့ ဘယ် လက်နက်ကိုင်အဖွဲ့အစည်းပဲ ဖြစ်ဖြစ် မြေမြှုပ်မိုင်းကို အသုံးမပြုစေချင်ဘူး၊ ဒီဟာက လူ့အခွင့်အရေးချိုးဖောက်ခံရမှုလည်း ဖြစ်တယ်ပေါ့။ လက်နက်ကိုင်အဖွဲ့အစည်းတွေ စစ်ကောင်စီဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်ပဲ ဖြစ်ဖြစ် အကုန်လုံးသုံးတဲ့အတွက် အကုန်လုံးမှာ တာဝန်ရှိတယ်လို့ ပြောရမှာပဲ။”

၂၀၂၃ ခုနှစ်မှာ မြေမြုပ်မိုင်းအန္တရာယ်ရှိတဲ့ မြို့နယ်တွေဟာ ၁၉၀ ထပ်မနည်းရှိနေပြီး နေပြည်တော်ကလွဲ တခြားသော တိုင်းဒေသတွေမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက် သေဆုံး ဒဏ်ရာရတာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်၊ ဒါဟာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရင် မြို့နယ်ပေါင်း ၁၀၀ ထိပိုများလာတာဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတော့ စစ်တပ်က အသုံးများတာ ဖြစ်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေက မြေမြှုပ်မိုင်းကို ကိုယ်တိုင်ထုတ်လုပ်တာရှိသလို စစ်တပ်စက်ရုံက ထုတ်လုပ်လိုက်တဲ့ မြေမြှုပ်မိုင်းတွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းဆည်းရမိပြီး ထပ်ဆင့် ပြန်လည်အသုံးပြုနေတာမျိုးလည်း တွေ့ရှိရကြောင်း ဆိုထားပါတယ်၊

နိုင်ငံတဝန်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ခံစားရသူ အရေအတွက် စုစုပေါင်းရဲ့  ၂၈ ရာခိုင်နှုန်းက ကလေးတွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု ၄ ခုမှာ တစ်ခုက ကလေးသူငယ်တွေ ဖြစ်တယ်လို့ ယူနီဆက်က ထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ် ပထမကိုးလတာမှာ ထိခိုက်ခဲ့သူ ၈၈၉ ယောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၈၅ ရာခိုင်နှုန်း တိုးလာတာဖြစ်ကြောင်း ယူနီဆက်မြန်မာရဲ့ စာရင်းတွေ အရ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013