
ဝန်ထမ်းဘဝကနေ အနားယူလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်တွင်းလုံခြုံရေးနဲ့ မှုခင်းကျဆင်းရေးမှာ ပါဝင်ကူညီပေးဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမမှာ ဖေဖော်ဝါရီ ၂၆ ရက် မနေ့ကပြုလုပ်တဲ့ ရဲမှုထမ်းဟောင်းများအဖွဲ့ ၃ နှစ်ပြည့် အခမ်းအနားမှာ ရဲမှုထမ်းဟောင်းတွေ အနေနဲ့ ပြည်တွင်းလုံခြုံရေးနဲ့ မှုခင်းကျဆင်းရေးမှာ ပါဝင်ကူညီပေးဖို့ ပြောဆိုခဲ့တာပါ။
ပြည်ထဲရေးဝန်ကြီးက ရဲမှုထမ်းဟောင်းတွေကို မှုခင်းကျဆင်းရေးမှာ ကူညီပေးဖို့ ပြောပေမဲ့ အောက်ခြေမှာ စစ်တပ်နဲ့ လက်ရှိ တာဝန်ရှိရဲတွေက လုပ်စားနေလို့ ပူးပေါင်းကူညီသူ နည်းတယ်လို့ ရဲဝန်ထမ်းဟောင်းတယောက်က DVB ကို ပြောပါတယ်။
“ရဲကနားတော့ လူကြီးတွေက ကူညီပေးပါဆိုလို့ မူးယစ်ဆေးဝါးကိစ္စ သတင်းပေးလိုက်တယ်။ အဲဒါကို ဗိုလ်မှူးနဲ့ မြို့နယ်ရဲမှူးက မဖမ်းဘဲ ငွေယူပြီး ပြန်လွှတ်တဲ့အပြင် အဲဒီလူကိုပါ သတင်းပြန်ပေးလိုက်လို့ အိမ်ပြောင်းပြေးရတယ်၊ ဘယ်သူက ကူညီချင်မှာလဲ။”
အငြိမ်းစားရဲတပ်ဖွဲ့ဝင်တွေကို ၂၀၂၄ ခုနှစ်ကစပြီး ရဲမှုထမ်းဟောင်းအဖွဲ့၊ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေမှာ ထည့်သွင်းဖွဲ့စည်းလာတာ အဆင်မပြေကြောင်း အငြိမ်းစားရဲအရာရှိတယောက်က DVB ကို ပြောပါတယ်။
“တချို့က လုပ်သက်ပြည့်လို့ အငြိမ်းစားရသွားတာ ရှိတယ်၊ တချို့က မလုပ်ချင်လို့ ထောင်ကျခံပြီး ထွက်တာရှိတယ်၊ အဖွဲ့အစည်းတွေနဲ့ကို မပတ်သက်ချင်တော့တာ၊ ဒီလိုလူမျိုးတွေကို ရပ်ကွက်မှာဖွဲ့တဲ့ အဖွဲ့က လိုက်ထည့်နေတော့ အဆင်မပြေဘူး။”
အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ ရဲမှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးနဲ့ မြို့နယ်တွေမှာ ရုံးခွဲတွေထားခဲ့တာ ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။










