DVB Logo
Home
နိုင်ငံတကာ
အမေရိကန်နှင့် ပိုမိုဆွေးနွေးရန် ရုရှားပြင်ဆင် 
DVB
·
February 27, 2025
အမေရိကန်နှင့် ပိုမိုဆွေးနွေးရန် ရုရှားပြင်ဆင် 
Donate to DVB

ရုရှားနဲ့ အမေရိကန်တို့ကြား ကျွမ်းကျင်သူအဆင့် ဆွေးနွေးပွဲအတွက် ပြင်ဆင်ထားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့အကြား ပိုစောစော ဖုန်းခေါ်နိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

စေ့စေ့စပ်စပ် ပြင်ဆင်ပြီးမှ ထရမ့်ပ်နဲ့ ပူတင်တို့ လူချင်းတွေ့သင့်တယ်လို့ နားလည်ထားတယ်လို့လည်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ထပ်ပြောပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာဆိုတာ အသေးစိတ် မသိရသေးပါဘူး။

လိုအပ်ရင် ခေါင်းဆောင် ၂ ယောက် ဖုန်းထပ်ပြောနိုင်ပေမဲ့ အဲဒီအတွက် လက်ရှိမှာ အစီအစဉ် မရှိသေးဘူးလို့လည်း သူက ပြောပါတယ်။

“နိုင်ငံခြားရေးဝန်ကြီးဌာနတွေကနေမှတဆင့် ကျွမ်းကျင်အဆင့်မှာ အဆက်အသွယ်တွေကို ပြင်ဆင်နေပါတယ်” လို့ ပဲ့စ်ကို့ဗ်က နောက်ထပ် အသေးစိတ် အချက်အလက်တွေကို မဖော်ပြဘဲ ပြောပါတယ်။

ထရမ့်ပ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲမှာ အပစ်အခတ်ရပ်စဲရေးကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ရုရှားနဲ့ ဆက်ဆံရေးကို ပြန်ပြင်ဖို့ အမြန်လှုပ်ရှားနေလို့ ဂျိုးဘိုင်ဒင်အစိုးရလက်ထက် အုပ်ချုပ်မှုမူဝါဒကို ပြောင်းပြန်လှန်ပြီး ယူကရိန်းနဲ့ ဥရောပမဟာမိတ်တွေကြားမှာ ဘေးဖယ်ထားခံရမှာကို စိုးရိမ်စိတ်တွေလည်း မြင့်တက်နေပါတယ်။

အမေရိကန်နဲ့ ယူကရိန်းကြား သတ္တုတွင်းထွက် သဘောတူညီချက်ထဲမှာ စစ်ပွဲအတွင်း အမေရိကန် အစိုးရက ယူကရိန်းကို ထောက်ပံ့ထားတဲ့ အမေရိကန်အခွန်ထမ်းတွေရဲ့ ငွေတွေကို ပြန်ယူခွင့်ပြုဖို့ ထရမ့်ပ်က ပြောတယ်လို့ သတင်းထွက်နေတဲ့အပေါ် ပဲ့စ်ကို့ဗ်က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အမေရိကန်ရုရှား ထိတွေ့ဆက်ဆံရေးဟာ ကနဦးမှာ ၂ နိုင်ငံအစိုးရတွေကြား ယုံကြည်မှုကို ပြန်ပြင်ဆင်ရေး အာရုံစိုက်ထားမယ်လို့ ပူတင်က ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထရမ့်ပ်ဆီ သွားတွေ့မယ်ဆိုတဲ့ သတင်းကိုလည်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူက သိရှိကြောင်း ပြောခဲ့ပါတယ်။

သဘောတူညီချက် မူကြမ်းဟာ အမေရိကန်ရဲ့ လုံခြုံရေးအာမခံချက် ဒါမှမဟုတ် လက်နက် ဆက်လက်စီးဆင်းမှုကို မသတ်မှတ်ထားပေမဲ့ ယူကရိန်းကို လွတ်လပ်ပြီး အချုပ်အခြာအာဏာနဲ့တကွ လုံခြုံစေချင်တယ်လို့ ပါရှိတဲ့အကြောင်း သဘောတူညီချက်မူကြမ်းပါ အကြောင်းအရာတွေနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တခုက ပြောခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013