DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူနှင့် မြောက်ဦးကို  လေကြောင်းမှ  ဗုံးကြဲ
DVB
·
February 26, 2025
ကျောက်ဖြူနှင့် မြောက်ဦးကို  လေကြောင်းမှ  ဗုံးကြဲ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ မြောက်ဦးမြို့နယ်တို့ကို ဖေဖော်ဝါရီ ၂၅ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး  အရပ်သားတချို့ ထိခိုက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား စစ်ရေးတင်းမာနေတဲ့ ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ်ဌာနချုပ်အနီးက ဦးကင်းကျေးရွာကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၅ ရက် ညက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“စစ်ကောင်စီက ဂျက်ဖိုင်တာတစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ ရှိတယ်လို့ ကျနော်တို့ သိထားရတယ်။ အရပ်သားတွေလည်း ထိခိုက်သေဆုံးမှု ရှိတယ်လို့ သိထားရတယ်။ အသေးစိတ်ကတော့ စုံးစမ်းနေဆဲပဲ။ ဦးကင်းကျေးရွာက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း တကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးခဲ့ပြီးတော့ နွား ၆ ကောင် သေဆုံးခဲ့တယ်။”

ကျောက်ဖြူမြို့နယ်မှာ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော်က ဖေဖော်ဝါရီ ၂၁ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ရေတပ်အနီးရှိ ဦးကင်း၊ ကြတ္တိန်နဲ့ စည်မော်ကျေးရွာတို့ကို ဆက်တိုက်ဆိုသလို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။

ဒါ့အပြင် ဓညဝတီ ရေတပ်ဌာနချုပ်အနီးမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့တိုင်း ပစ်ခတ်နေတာကြောင့် ဦးကင်း၊ စည်မော်၊ စစ်တော၊ စရေ၊ ကြတ္တိန် ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာနီးပါးခန့်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက်ကစပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက ရေတပ်အင်အားတွေ ထပ်မံဖြည့်တင်းထားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာအနီးကိုလည်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက် ညက လေကြောင်းတိုက်ခိုက်မှု တကြိမ် ပြုလုပ်ခဲ့ပြီး ကျေးရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်မှု မရှိဘူးလို့ မြောက်ဦးဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

“လေညှင်းတောင်ရွာအနီးမှာ မနေ့ည ၁၀ နာရီကျော်က လေကြောင်းတိုက်ခိုက်ခဲ့တာ ရှိတယ်။ ဗုံးကတော့ ရွာထဲမှာ မကျလိုက်ဘဲ လေးမြို့မြစ်ထဲက ကျွန်းပေါ်ရှိ စိုက်ခင်းမှာ ကျပြီးတော့ ပေါက်ကွဲခဲ့တာ။ အရပ်သားထိခိုက်မှုတော့ မရှိဘူး။ စစ်ကောင်စီက ဒီအတိုင်း အရပ်သားကို ပစ်မှတ်ထားလာပြီးတော့ တိုက်ခိုက်တာဆိုတော့ အနီးအနားပတ်ဝန်းကျင်က ဒေသခံတွေကတော့ စိုးရိမ်မှု မြင့်တက်နေကြတယ်။”

၂၀၂၄ ခုနှစ် မတ်လအတွင်းကလည်း လေညှင်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၅ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၁၀ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

စစ်ကောင်စီဟာ မြို့တော် စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်က တပ်စခန်းတွေ တိုက်ခိုက်ခံရပြီးနောက် ရခိုင်ပြည်နယ်က သူတို့လက်လွှတ်ခဲ့ရတဲ့ မြို့နယ်တွေက အရပ်ဖက်ပစ်မှတ်တွေကို ဆက်တိုက်ဆိုသလို ပစ်မှတ်ထား တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ တနှစ်ကျော်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုကို သိမ်းပိုက်ထားပြီး စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုက စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို စတင် တိုက်ခိုက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013