
ဧရာဝတီတိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ကား ၊ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး ငွေကြေးတောင်းနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းကစတင်ပြီးအရင်ထက် အစစ်ဆေးတင်းကျပ်လာကာ ဆိုင်ကယ်တွေကိုလိုင်စင်မရှိပါက အပြီးအပိုင်သိမ်းယူပြီး လိုင်စင်ရှိပါကလည်း လိုသလောက် ငွေတောင်းယူကာ ငွေမပေးနိုင်ပါက လူကိုပါ မသင်္ကာမှုနဲ့ ခေါင်းစဉ်တပ် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
မော်လမြိုင်ကျွန်းဒေသခံတယောက်က “အခုက ယာဉ်ထိန်းရဲတခုတည်း ကြောက်ရတာ မဟုတ် တော့ဘူး။ ရဲတွေနဲ့စစ်တပ်တွေကိုပါ ကြောက်နေရပြီ။ ယာဉ်ထိန်းရဲဖမ်းရင် ဒဏ်ကြေးငွေပေးရုံရပေမဲ့ စစ်တပ်နဲ့ရဲက ဖမ်းပြီဆို လိုင်စင်မပြနိုင်ရင် ဆိုင်ကယ်ကို အပြီး သိမ်းတယ်။ လူကိုတရားရုံးတင်တယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၅ ရက်အထိ ကာလအတွင်း ရဲတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်က ဆိုင်ကယ်သိမ်းယူပြီး ငွေ ၁ သိန်းကနေ ၇ သိန်းအထိ တောင်းကာ ဆိုင်ကယ်ပြန်ရွေးခိုင်းတာခံရတဲ့သူ အယောက် ၅၀ ကျော်နဲ့ ဖမ်းဆီးခံရသူ ၈ ယောက် ထက်မနည်းရှိတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မော်တော်ယာဉ်မောင်းတယောက်က “အခုလို ယာဉ်တွေကို စစ်ဆေးတာက သတင်းရလို့ဆိုပြီး ကားပေါ်ပါလာတဲ့သူတွေကိုကော၊ ဆိုင်ကယ်နဲ့လာတဲ့သူတွေကော စစ်ဆေးတာ။ သူတို့ဖုန်းထဲက ပုံတွေနဲ့တိုက်စစ်နေတယ်။ ဖုန်းတွေလည်းတောင်းကြည့်တယ်။ ဖုန်းထဲမှာ နိုင်ငံရေးနဲ့ ပတ်သက်တာ တွေ့ပြီဆိုရင်တော့ ပြန်မလွှတ်တော့ဘူး။ ဒီရက်ထဲမှာပိုပြီး အစစ်အဆေးတွေများလာနေတယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ ဆိုင်ကယ်ဖမ်း ငွေညစ်ခံနေရတာကြောင့် လမ်းအသုံးပြုတဲ့သူတွေ အခက်အခဲအတော်ရောက်နေပြီး ငွေကြေးမပြည့်စုံတဲ့ သူတွေအဖို့ ကျန်းမာရေးနဲ့ အရေးပေါ် ကိစ္စရှိပါက ပိုမို အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။